Pages

Wednesday, November 11, 2015

FDA ထောက်ခံချက်မရှိသည့် ဆေးဝါးရောင်းချမှု များကို ထိရောက်စွာ အရေးယူမည်


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၅

ပြည်တွင်းဆေးဝါး ဈေးကွက်အတွင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန FDA ၏ ခွင့်ပြုချက် မပါရှိဘဲ ရောင်းချလျက် ရှိသော ဆေးဝါးများကို ၂ဝ၁၆ ခုနှစ်မှ စတင်၍ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း FDA မှ သိရသည်။

''လာမယ့်နှစ်ကစပြီး ဈေးကွက်ရော အွန်လိုင်းမှာပါ FDA ရဲ့ ထောက်ခံချက် မရှိဘဲ ဆေးတွေ ရောင်းချမယ် ဆိုရင် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွား မှာပါ။ ထောက်ခံချက်မရှိတဲ့ ဆေးဝါးတွေ ကို အရေးယူတဲ့ အခါမှာ FDA နဲ့သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်း ဆောင်ရွက်မယ်။ အမျိုးသား ဆေးဝါးဥပဒေ အရ အရေးယူ သွားမယ်'' ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီတင်က ပြောသည်။

လက်ရှိ ဆေးဝါးဈေးကွက် တွင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ထောက်ခံချက် ရယူမှုမရှိဘဲ ဈေးကွက်၌ သာမက အွန်လိုင်းမှပင် ရောင်းချလျက် ရှိသော ဆေးဝါးများစွာ ရှိကြောင်း သိရသည်။ အမျိုးသားဆေးဝါး ဥပဒေအရ မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါး မှတ်ပုံတင် ခေတ္တ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံညွှန်းမညီ ဆေးဝါး၊ ရက်လွန်ပျက်စီး ဆေးဝါး၊ ရောနှောဆေးဝါး၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ် ထုတ်လုပ် ထားသောဆေးဝါး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သုံးစွဲရန် မသင့်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ် ရှိသည့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သိုလှောင်ခြင်း နှင့် ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ရန် တားမြစ် ထားသည်။

အဆိုပါ တားမြစ်ချက် များကို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှုထင်ရှား ပါက ငွေဒဏ် အနည်းဆုံး ကျပ် ၅ဝဝဝ မှ အများဆုံးကျပ် ၅ဝဝဝဝ အထိဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများ ကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံ ရမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ပြည်ပမှ တင်သွင်းသည့် ဆေးဝါး အမျိုးအစား ၁၈၇ဝဝ ကျော်နှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ဆေးဝါး အမျိုးအစား ၃ဝဝ တို့ကို FDA မှ ထောက်ခံချက် ပေးထားကြောင်း သိရသည်။ (မြတ်လေးငုံ)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment