Pages

Friday, November 6, 2015

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ၏ ကိုယ်ထည်ကြံ့ခိုင်မှုကို ပြန်လည် စစ်ဆေးပေးရန် လိုအပ်



စစ်ကိုင်း ၊ ၆-၁၁-၂၀၁၅

ရေလမ်းခရီးရှည် သွားလာလျက် ရှိသော ရေယာဉ်ကြီးများ၏ ကိုယ်ထည် ကြံ့ခိုင်မှု ရှိမှသာလျှင် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို စိတ်ချယုံကြည်စွာ ခုတ်မောင်းပြေးဆွဲ နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ်များ၏ ကိုယ်ထည် ကြံ့ခိုင်မှုကို သက်ဆိုင်ရာက ပြန်လည် စစ်ဆေးပေးရန် လိုအပ်နေကြောင်း သိရသည်။

''ရေယာဉ်တွေဟာ သတ်မှတ် စံချိန်စံညွှန်း အတိုင်း တည်ဆောက် ထားတာ ဟုတ်၊ မဟုတ် ပြန်လည်စိစစ် ပေးဖို့လိုအပ် နေပါတယ်။ ယာဉ်လိုင်စင်မှာ ဖော်ပြထား တာနဲ့ လက်တွေ့ပြေးဆွဲ နေတဲ့ ရေယာဉ်ဟာ အများအားဖြင့် ကွဲလွဲ  နေပါတယ် '' ဟု မုံရွာမြို့ခံ မြို့မိ၊မြို့ဖ တစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ကွေ့ကြီးရပ်ကွက် အုန်းပင်ဆိပ်ကမ်း အနီးရှိ ရွှေချင်းတွင်း အလတ်စား သင်္ဘောကျင်းမှ ကြံ့ခိုင်မှု မရှိသော ရေယာဉ်ကိုယ်ထည် များကို ကျွမ်းကျင် ပညာရှင် ဦးရေ ၁ဝဝ ကျော်ဖြင့် နေ့ရော၊ညပါ တည်ဆောက် ပြုပြင်ပေးလျက် ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်း အတွင်း မုံရွာဆိပ်ကမ်းမှ အညာဒေသသို့ နေ့စဉ် ပြေးဆွဲလျက် ရှိသော ရေယာဉ် အစီးရေမှာ တစ်နေ့လျှင် ပျမ်းမျှ ၁၅ စီးခန့်ဖြစ်ပြီး ကုန်တင် ရေယာဉ် ကိုးစီးနှင့် ခရီးသည်တင် ရေယာဉ် ခြောက်စီးတို့ ဖြစ်ကြောင်း တိုင်းဒေသကြီး ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ရုံးမှ သိရသည်။

ရေယာဉ်ကြီးများ ခုတ်မောင်း ပြေးဆွဲရာ မြစ်ရေကြီးသည့် အချိန်ကာလတွင် လိုရာခရီးကို လျင်မြန်စွာ ခုတ်မောင်း သွားလာ၍ အဆင်ပြေ သော်လည်း မြစ်ရေကျဆင်း သည့်ကာလ ဖြစ်သော ဖေဖော်ဝါရီလ မှဇူလိုင်လထိ ခုတ်မောင်း ပြေးဆွဲရာတွင် ရေယာဉ် ကိုယ်ထည် အောက်ခံသံပြား (ဧရာပြား) များနှင့် မြစ်ရေအောက် ကြမ်းပြင်ရှိ ကျောက်စရစ်ခဲ များဖြင့် ပွတ်တိုက်ကာ ရေယာဉ် ကိုယ်ထည် အောက်ခံသံပြား များမှာ မကြာခဏ ပေါက်ပြဲပျက်စီး တတ်သဖြင့် ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ်ကြီး များသည် ရေပါးသွား ရေယာဉ်များ ဖြစ်သည့်အတွက် ရေယာဉ်၏ ကိုယ်ထည် ကြံ့ခိုင်မှုကို မကြာခဏ လွန်းတင်စစ်ဆေြး ကရသည်။

''ရေယာဉ် ဆိုတာက မော်တော်ကား တွေလို သီးခြားမှတ်တမ်း ရယ်လို့ ပြဋ္ဌာန်းပေး ထားတာ မရှိပါဘူး။ စက်တပ်ယာဉ် ဖြစ်ပေမယ့် ရေလမ်းသွား ဖြစ်တာကြောင့် ရေယာဉ် ကိုယ်ထည် တည်ငြိမ်မှုနဲ့ ကိုယ်ထည် ကြံ့ခိုင်မှုက အဓိက ကျပါတယ်'' ဟု ရွှေချင်းတွင်း အလတ်စား သင်္ဘောကျင်း ဥက္ကဋ္ဌ ဦးသန်းရွှေ က ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment