Pages

Tuesday, November 17, 2015

ဂရုဓမ္မသီလ စောင့်ထိန်းပါ


ဂရုဓမ္မသီလ စောင့်ထိန်းပါ

မည်သည့် ဘာသာဝင်မဆို ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများ ရှိသည်။ ကောင်းမှုတစ်ခု ပြုလုပ်တိုင်း ထိုကောင်းမှု၏ အကျိုး တစ်စုံတစ်ရာကို ခံစားရရှိ နိုင်သည်။ ထိုသို့ ကောင်းမှုတစ်ခု ပြုလုပ်ခြင်း အကျိုးကြောင့် ရရှိလာသော ကောင်းကျိုး တစ်စုံတစ်ရာကို ကုသိုလ် ရသည်ဟု ဆိုပါသည်။ လူတစ်ဦး တစ်နေ့ ကောင်းမှုတစ်ခု ပြုလုပ်နိုင်မည် ဆိုလျှင် ရက်ကိုလစား၊ လကိုနှစ်စား လေသော် ကုသိုလ်များစွာ ရရှိနိုင်မည် ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အဓိကအားဖြင့် ကုသိုလ်သုံးမျိုး ရှိသည်။ ဒါနကုသိုလ်၊ သီလကုသိုလ်နှင့် ဘာဝနာကုသိုလ်တို့ ဖြစ်သည်။ ဒါနကုသိုလ် သည် ပေးကမ်း စွန့်ကြဲခြင်း ဖြစ်သည်။ သီလကုသိုလ်သည် သီလ စောင့်ထိန်းခြင်း ဖြစ်သည်။ ဘာဝနာ ကုသိုလ်သည် တရားဓမ္မကို ပွားများခြင်း ဖြစ်သည်။ လှူဒါန်းမှု တစ်ခုခု ပြုလုပ်သည် ဖြစ်စေ၊ ပေးကမ်း စွန့်ကြဲသည် ဖြစ်စေ ကုသိုလ်ကို ရစေနိုင်သည်။ ထို့အတူ သီလ စောင့်ထိန်းခြင်း ဖြင့်လည်း ကုသိုလ် ရစေသည်။ တရားဓမ္မပွားများ ခြင်းဖြင့်လည်း ကုသိုလ် ရစေသည်။

ဤသို့သော ကုသိုလ်သုံးမျိုးတွင် သီလကုသိုလ် ဆောက်တည်ခြင်းဖြင့် ကုသိုလ်ထူးကို လက်ငင်း ရစေနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ငါးပါးသီလသည် လူ့စည်းကမ်း ဖြစ်၍ ဗုဒ္ဓဘုရားရှင်က အထူး စောင့်ထိန်းရမည့် သီလ ဖြစ်ကြောင်း၊ ဂရုဓမ္မသီလ ဖြစ်ကြောင်း ဟောတော်မူ ခဲ့သည်။ ထို ငါးပါးသီလသည် သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး သားမယားတို့အား ပြစ်မှားကျူးလွန် ခြင်းမှ ရှောင်ကြဉ်ခြင်း နှင့် မူးယစ် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သည်။

ထို ဂရုဓမ္မသီလ ဖြစ်သော ငါးပါးသီလကို စောင့်ထိန်းခြင်းဖြင့် လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်ကိုလိုက်နာရာ ရောက်သောကြောင့် ကုသိုလ်ရသည့် အပြင် လိုက်နာသူ တို့၏ လူမှုစီးပွား ဘဝသည်လည်း ဖွံ့ဖြိုးတိုးတက် အေးချမ်းတည်ငြိမ် စေမည်ဖြစ်သည်။ မျက်မှောက် ကမ္ဘာကြီးတွင် သိပ္ပံပညာ၊ စက်မှုပညာများ တိုးတက်ခဲ့သည် မှန်သော်လည်း လူ့ကျင့်ဝတ် သိက္ခာဖြစ်သော ငါးပါးသီလ စောင့်စည်းမှု အားနည်းခြင်း ကြောင့် ရောဂါ ထူပြောခြင်း၊ စစ်မက် ဖြစ်ပွားခြင်း၊ အစာရေစာ ရှားပါးခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လျက် ရှိနေသည် ကို တွေ့နေရသည်။

ထိုသို့သော ဘေးအန္တရာယ်များ လျော့နည်း ပပျောက်စေရန် ကောင်းမှု အလုပ်ကို များများ လုပ်ဆောင်ကြ ရမည်ဖြစ်သည်။ ဒါနကောင်းမှု ပြုခြင်းဖြင့် ဆင်းရဲမှုများ ပြေလျော့သွား စေမည် ဖြစ်သည်။ သီလကောင်းမှု ပြုလုပ်ခြင်းဖြင့် လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်ကို ထိန်းသိမ်းရာ ရောက်ပြီး ကောင်းမွန်သော လူမှု အသိုက်အဝန်းကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ကောင်းမှု ကုသိုလ်သည် လူတစ်ဦး တစ်ယောက် ကောင်းကျိုးမှ သည် အများအတွက် ကောင်းကျိုးများ ဖြစ်ပေါ်စေသည်။

သို့ဖြစ်ရာ ဒီမိုကရေစီ ပြည့်ဝသော နိုင်ငံတော်သစ်ကို ဖော်ဆောင်လျက် ရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားများ အနေဖြင့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း ဖြစ်သော ဂရုဓမ္မသီလ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်သော လူမှု အသိုက်အဝန်းကို ထူထောင်သွား ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

No comments:

Post a Comment