Pages

Tuesday, November 17, 2015

ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများ၌ ဘေးထွက်ဆိုးကျိုး နည်းသည့် Artificial Ice Cube သုံးစွဲမှု များပြားလာ



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၅

ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်နှင့် စားသောက်ဆိုင် ကြီးများ၌ စားသုံးသူများ ရေခဲကို အသုံးပြု ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေး ထိခိုက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေခဲအစား ရေခဲကဲ့သို့ အစားအသောက် ပစ္စည်းများနှင့် ရောစပ် အသုံးပြု၍ ရသည့် Artificial Ice Cube များကို အစားထိုး သုံးစွဲမှု များပြားလာကြောင်း ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ဒီ Artificial Ice Cube က တရုတ်နိုင်ငံက ထုတ်တာပါ။ ရေခဲအစစ်လိုပဲ ဖျော်ရည်၊ ရေ စတာတွေနဲ့ ရောပြီး အေးအောင် လုပ်ပြီး သောက်လို့ ရပါတယ်။ ကျန်တဲ့နေရာ တွေမှာလည်း ရေခဲအစစ်ကို အသုံးပြုသလို အကုန်သုံးလို့ ရပါတယ်။ ဒီ သံရေခဲတုံးရဲ့အားသာချက်က အရည်ပျော်မှု မရှိတာနဲ့ ရေခဲစားသုံးရင် လူတွေမှာ ဖြစ်ပေါ်တဲ့ ဆီးကျဉ်ခြင်း၊ သွားကျဉ်ခြင်း တွေကို မဖြစ်စေပါဘူး'' ဟု Artificial Ice Cube အသုံးပြု နေသည့် ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရေခဲတုံးများကို တရုတ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး လေးတုံး တစ်ဘူးနှင့် ခြောက်တုံး တစ်ဘူး ဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ်ထားကာ သံရေခဲတုံး လေးတုံးဘူးနှင့် ခြောက်တုံးဘူး များ၏ ဈေးနှုန်းများမှာ မြန်မာငွေ ကျပ်နှစ်သောင်းခွဲ နှင့် သုံးသောင်းကြား တွင်ရှိကြောင်း၊ သံရေခဲတုံး များကို ဟိုတယ် နှင့် စားသောက်ဆိုင် များ၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များသာ ပိုမိုအသုံးပြု ကြကြောင်း သိရသည်။

Artificial Ice Cube များကို စင်ကာပူ နှင့်ထိုင်းနိုင်ငံတို့၌ လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းက အသုံးပြုခဲ့ကြောင်း သိရသည်။ (မင်းသော်တာလွင်)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment