Pages

Tuesday, November 17, 2015

မြိုင်ကြီးငူဒေသရှိ ကျုံထော်ရေတံခွန် ခရီးစဉ်အား စိတ်ဝင်စားမှု များပြား



ဇာညီသစ္စာ

မကြာမီ တန်ဆောင်တိုင်နှင့် ဒီဇင်ဘာ ပိတ်ရက်များသို့ ရောက်ရှိ လာတော့မည် ဖြစ်ရာ ပြည်တွင်း ခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံရှိ လှပသော သဘာဝ ရေတံခွန်များ အနက် တစ်ခုအပါအဝင် ဖြစ်သည့် မြိုင်ကြီးငူ ဒေသရှိ ကျုံထော် ရေတံခွန် ခရီးစဉ်အား စိတ်ဝင်စားမှု များပြားလျက် ရှိကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။

ပြည်တွင်းပြည်ပ ခရီးစဉ်များကို ယခုအချိန်မှ စ၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး တချို့သော ခရီးသွား လုပ်ငန်းများသည် ကြိုတင်လက်မှတ် များကို ရောင်းချလျက် ရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွား ကုမ္ပဏီ များသည် လုပ်ငန်းရာသီသို့ မရောက်မီ ကပင် ခရီးစဉ်များကို သြဂုတ်လမှ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ ကြသည်။

ထို့ပြင် ယခုအချိန်သည် နိုင်ငံခြား ခရီးသွား ဧည့်သည် အများဆုံး ဝင်ရောက် လည်ပတ်လေ့ ရှိသည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၍ တန်ဆောင်တိုင် ပွဲတော်နှင့် ဒီဇင်ဘာ ရုံးပိတ်ရက်များ အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် နေသကဲ့သို့ ခရီးစဉ်များ အတွက် လက်မှတ်များ ရောင်းချနေပြီ ဖြစ်သည်။

ပြည်တွင်းခရီးသွား ဧည့်သည်များ အနေဖြင့် မြန်မာနိုင်ငံရှိ လှပသော သဘာဝ ရေတံခွန်များတွင် တစ်ခု အပါအဝင် ဖြစ်သည့် မြိုင်ကြီးငူ ဒေသရှိ ကျုံထော် ရေတံခွန် ခရီးစဉ်အား စိတ်ဝင်စားမှု များပြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ မြိုင်ကြီးငူ ဒေသသည် မြိုင်ကြီးငူ ဆရာတော်ကြီး၏ စောင့်ရှောက်မှု အောက်တွင် အေးချမ်းလျက် ရှိပြီး သက်သတ်လွတ် နယ်မြေဖြစ်ကာ သဘာဝ တောတောင် ရေမြေများနှင့် စိမ်းညို့ အုံ့ဆိုင်းသော တောင်တန်းများကို ဖြတ်သန်း သွားရသဖြင့် အလွန် ကြည်နူးစရာ ကောင်းသည်။

ထို့ပြင် သဘာဝတောတောင် ရေမြေများနှင့် ပနံသင့်နေသော ကျုံထော် ရေတံခွန်ရှိ ရေများသည် ကြည်လင်နေပြီး တောင်ပေါ်မှ ကျသော တောင်ကျရေ ဖြစ်၍ အေးစိမ့် နေသောကြောင့် ထိုရေဖြင့် ရေချိုး ဆော့ကစား လိုက်သည့်အခါ လူကို လန်းဆန်းစေသည်။ မြိုင်ကြီးငူ ဒေသရှိ ကျုံထော် ရေတံခွန် ခရီးစဉ်မှာ တစ်ဦးလျှင် ကျပ် ၃၅ဝဝဝ ဝန်းကျင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရာသီမှာ ပွင့်လင်းရာသီ၏ အစဦး ကာလများ ဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် ခရီးသွား ဧည့်သည် အများဆုံး ဝင်ရောက် လည်ပတ်လေ့ ရှိသည့် အချိန် ကာလများ ဖြစ်သည်။ 

ယင်းလများတွင် ခရီးသွား လုပ်ငန်းများ၌ မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာဒေသများ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံ များနှင့် အထင်ကရ နေရာများသို့ သွားရောက် လေ့လာတတ် ကြသည်။

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် အများစုမှာ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပုဂံ-ညောင်ဦး ဒေသ၊ အင်းလေးကန်၊ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေ၊ မြိတ်ကျွန်းစု၊ ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်၊ မော်လမြိုင်မြို့၊ ချောင်းသာ ကမ်းခြေနှင့် မြစ်ဝကျွန်းပေါ် ဒေသတို့သို့ သွားရောက် လည်ပတ်လေ့ ရှိကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment