Pages

Monday, November 2, 2015

ဆေးဝါးသုံးစွဲမှု ဂရုပြု


ဆေးဝါးသုံးစွဲမှု ဂရုပြု

ပြည်သူများ၏ ကျန်းမာရေး အတွက် ဆောင်ရွက်မှု များတွင် နေထိုင်မှုပုံစံ၊ စားသောက်မှု အနေအထား၊ ဆေးဝါး သုံးစွဲမှုနှင့် ဆေးကုသမှု ခံယူခြင်း စသည့် အချက်များသည် အဓိက ကျသော အချက်များ ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယနေ့ ကာလတွင် ဆေးဝါးကဏ္ဍ သည် အရေးပါသည့် အနေအထားတွင် ရှိလာသည်။ ယခင်က ပြည်သူများ အနေဖြင့် ကျန်းမာရေး လိုအပ်ချက် အရ ဆေးကုသ ကြရာတွင် မိမိတို့၏ လူမှုဘဝ အခြေအနေ အလိုက် လိုအပ်သော ဆေးဝါးများကို သက်ဆိုင်ရာ၏ ညွှန်ကြားချက် နှင့် အညီ ဆေးစစ် ဆေးမှန်များ ရှာဖွေကြရာ၌ အချို့နေရာ များတွင် ပြင်ပမှ ရောင်းချကြသော ဆေးဝါးများကို အားကိုး အားထားပြု ကြရသည်။ ထိုအခါ ဆေးစစ် ဆေးမှန်များကို သုံးစွဲကြ ရသဖြင့် ရောဂါ ပျောက်ကင်းကြ သကဲ့သို့ မစစ်မှန်သော ဆေးဝါးများ၊ စံချိန်မမီသော ဆေးဝါးများကို သုံးစွဲလိုက်ကြ ရသဖြင့် ရောဂါ မသက်သာသည့် အပြင် ဘေးထွက် ဆိုးကျိုးများ နှင့်လည်း ကြုံကြရသည်။

ထို့ကြောင့် ဆေးဝါးများကို သုံးစွဲမည် ဆိုပါက တတ်သိနားလည် ကျွမ်းကျင်သူ များ၏ ညွှန်ကြားချက် နှင့်အညီ သုံးစွဲကြရမည် ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လေ့လာချက်များ အရ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဆေးဝါး အညွှန်းကိန်း ထက်ဝက်ခန့်သည် သင့်လျော် မှန်ကန်မှု မရှိကြောင်း၊ ဆေးဝါး သုံးစွဲသူများ၏ ထက်ဝက်ခန့် သည်လည်း ဆေးညွှန်း အတိုင်း မသောက်သုံး ကြကြောင်း၊ ပဋိဇီဝ ဆေးများကို လည်း မလိုအပ်ဘဲ အသုံးပြု နေကြသဖြင့် ဆေးဝါး ယဉ်ပါးမှု အဖြစ်များ ကြောင်း သိရသည်။

ယခုအခါ ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတော် အစိုးရ၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆေးနှင့် ဆေးဝါး ဝယ်ယူခြင်း လုပ်ငန်းများကို ဗဟိုမှ ဝယ်ယူခြင်း အပြင် ဗဟိုအဆင့် ဆေးရုံကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ ဆေးရုံများတွင် ကျန်းမာရေး ဦးစီးဌာနမှူး များ၏ အစီအစဉ်ဖြင့် ဝယ်ယူမှုများ ကို ခွင့်ပြု ပေးထားသည်။ ထိုသို့စီစဉ် ပေးနိုင်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၌ ပြည်သူများ အတွက် ဆေးစစ်ဆေးမှန် များရရှိပြီး ရောဂါသက်သာ ပျောက်ကင်းကြ ရမည် ဖြစ်သည်။

ထို့ပြင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှ စတင်၍ နိုင်ငံတော် အစိုးရ၏ ဆေးဝါး ဝယ်ယူရန် ခွင့်ပြုငွေဖြင့် အခြေခံ ကျသော၊ အဓိက ကျသော ဆေးဝါးများ ဝယ်ယူခဲ့ကာ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံ အားလုံး၊ ကျေးလက်ကျန်းမာရေး ဌာနနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲ အားလုံးသို့ ဖြန့်ဖြူးပေးလျက် ရှိပြီး အဆိုပါ ဆေးဝါးများဖြင့် လူနာများအား အခမဲ့ ဆေးဝါးကုသမှု ဆောင်ရွက် ပေးလျက် ရှိသည်။

ဆက်လက်၍ ဆေးဝါး ယဉ်ပါးမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ဆေးဝါးညွှန်း သူများ၊ ဆေးဝါး ရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက် များကို သိရှိစေပြီး လိုက်နာမှု ရှိ၊ မရှိ ပြန်လည် ဆန်းစစ်ကာ လိုအပ်ပါက အရေးယူခြင်း တို့ကိုပါ ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိသည်။

သို့ဖြစ်ရာ ကျန်းမာရေး လိုအပ်ချက်အရ ဆေးကုသ သူများအနေဖြင့် ညွှန်ကြားချက် များနှင့်အညီ ဆေးစစ်ဆေးမှန် များကို သုံးစွဲတတ်ရန် လိုအပ်သကဲ့သို့ ဆေးဝါး ဖြန့်ဖြူးသူ၊ ရောင်းချသူများ ကလည်း မှန်မှန်ကန်ကန် ရောင်းချ၊ ဖြန့်ဖြူး ပေးခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေး အလေးဂရုပြု သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment