Pages

Thursday, November 5, 2015

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရော်ဘာအရည်အသွေးစစ် ဓာတ်ခွဲခန်းကို နိုင်ငံတကာရော်ဘာအသင်း ဓာတ်ခွဲခန်း အသိအမှတ်ပြု လက်မှတ်ရရန်ကြိုးပမ်း


ရန်ကုန် ၊ ၅-၁၁-၂၀၁၅

မြန်မာ့ရော်ဘာ နှင့် ကမ္ဘာ့ ရော်ဘာဈေးနှုန်း တန်းတူရရှိ နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့ရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရော်ဘာ အရည်အသွေးစစ် ဓာတ်ခွဲခန်းကို နိုင်ငံတကာ ရော်ဘာအသင်း ဓာတ်ခွဲ ခန်း အသိအမှတ်ပြု လက်မှတ် ရရှိရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း အနေဖြင့် မြန်မာ့ရော်ဘာ များကို ကမ္ဘာ့ ရော်ဘာ ပေါက်ဈေးနှုန်း အတိုင်း ရရှိစေရန်နှင့် ပြည်တွင်းမှ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်နေသူ များ၏ လိုအပ်ချက် များကို ပံ့ပိုးကူညီ ပေးနိုင်ရန် အတွက် ဂျပန်နိုင်ငံ ရော်ဘာ ကုန်သည်များ အသင်း၊ ဂျပန်နိုင်ငံ စက်မှုကုန်ချော ထုတ်လုပ်သူများ အသင်းများနှင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ကိုင် ဆောင်ရွက်မှုများ အရ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်ပစ္စည်း စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှု ဌာနတွင် ရော်ဘာ အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်း တစ်ခုကို အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက်နိုင် ခဲ့သည်။ အဆိုပါ ဓာတ်ခွဲခန်း အတွက် နိုင်ငံတကာ ရော်ဘာ အသင်း၏ အသိအမှတ်ပြု လက်မှတ် ရရှိလာခဲ့လျှင် ပြည်တွင်းမှ ထုတ်လုပ်နေသည့် ရော်ဘာများကို အဆိုပါ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်မည် ဖြစ်သည်။

မြန်မာ့ရော်ဘာများ အနေဖြင့် ထိုကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များကို ကိုင်ဆောင် ရောင်းချနိုင်လျှင် နိုင်ငံတကာ ရော်ဘာဈေးကွက် များတွင် ကမ္ဘာ့ရော်ဘာ ပေါက်ဈေးနှုန်းများ အတိုင်း ဈေးနှုန်းများ ရရှိလာမည် ဖြစ်သည်။

ရော်ဘာဈေးနှုန်း များမှာ အောက်တိုဘာ လဆန်းပိုင်းတွင် RSS-3 အမျိုးအစား ရော်ဘာ တစ်တန်လျှင် ပေါက်ဈေး ၁၆၉၃၆၈၇ ကျပ် ဈေးနှုန်း ရှိနေရာမှ ယခုအခါ တစ်တန်လျှင် ၁၆၈၆၉၂၆ ကျပ်သို့ ကျဆင်း လာခဲ့ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

#Yadanarpondaily

No comments:

Post a Comment