Pages

Thursday, November 5, 2015

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် (စစ်ကိုင်း)တွင် မဟာပညာရေးဘွဲ့ နှင့် ပညာရေးဘွဲ့ သင်တန်းများဖွင့်လှစ်


စစ်ကိုင်း ၊ ၅-၁၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်း အမှတ်စဉ် (၁၅)နှင့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်(၄) သင်တန်းများ ဖွင့်ပွဲကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက တက္ကသိုလ်ခန်းမ၌ ကျင်းပရာ ကျောင်းသား ၊ ကျောင်းသူ ဦးရေ ၆ဝဝ ကျော် တက်ရောက်ကြောင်း သိရသည်။

''နယ်စပ်ဒေသ များမှာ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုး တိုးတက်ဖို့အပြင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသား များရဲ့ လူမှုစီးပွားဘဝ တိုးတက်ဖို့ အတွက် သင်တန်းတွေကို ဖွင့်လှစ် ပေးနေတာပါ။ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှာ မဟာပညာရေးဘွဲ့ ပညာရေးဘွဲ့ မူလတန်း ဆရာအတတ် သင်တန်းတွေ ဖွင့်လှစ် သင်ကြားနေသလို ၁၉၆၄ ခုနှစ်က ၂ဝ၁၂ ခုနှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ၁၂၄၉၃ ဦးကို သင်တန်း ကိုးမျိုး ဖွင့်လှစ်သင်ကြား ခဲ့ပါတယ်'' ဟု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦး က ပြောပြသည်။

၁၉၆၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က ဖွံ့ဖြိုးရေးသိပ္ပံ အဖြစ် စစ်ကိုင်းမြို့ အေးမြဝတီ ရပ်ကြေး ဘုရားကြီးလမ်းရှိ စစ်ကိုင်းတိုင်း မင်းကြီးရုံးနှင့် တိုင်းပညာဝန် နေအိမ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈၆၈ ခုနှစ် သြဂုတ် ၁၄ ရက်က စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးသို့ ပြောင်းလဲဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၉၁ ခုနှစ် မေလ ၁ဝ ရက်က 'စည်းလုံးခြင်းသည် အင်အား' ဆောင်ပုဒ်ဖြင့် ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မဟာပညာရေးဘွဲ့ သင်တန်း နှင့် ပညာရေးဘွဲ့ သင်တန်းများ ဖွင့်ပွဲသို့တက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဦးအောင်ဌေး ၊ ဒုတိယ ပါမောက္ခချုပ် ဦးသိန်းဌေး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ချိုချိုမာ အုန်းတော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးတင်မောင်မြင့် စစ်ကိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သူရဦး၊ စစ်ကိုင်း သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်း အမှတ် (၃) အထည်ချုပ် စက်ရုံ အထွေထွေ မန်နေဂျာ ဦးတင်မောင်ထွန်း နှင့် တက္ကသိုလ် ဆရာ ၊ ဆရာမ ဦးရေ ၁၂ဝ ခန့် နှင့်အတူ ကျောင်းသား ၊ ကျောင်းသူ ဦးရေ ၆ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ (၃၃၄)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanarpondaily

No comments:

Post a Comment