Pages

Thursday, November 5, 2015

ရန်ကုန်မြို့ရှိ နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီးကို လက်ရှိခုတင် ၁၅၀ ဆံ့ဆေးရုံမှ ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်မည်



ရန်ကုန် ၊ ၅-၁၁-၂၀၁၅

ရန်ကုန်မြို့ရှိ နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီးကို လက်ရှိခုတင် ၁၅၀ ဆံ့ဆေးရုံမှ ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့် မြှင့်တင်မည် ဖြစ်ပြီး တိုးချဲ့ ငါးထပ် လူနာဆောင်ကို နှစ်နှစ် စီမံကိန်းဖြင့် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံကြီး၌ တိုးချဲ့ ငါးထပ်လူနာဆောင် နှင့် အထူးကုဆရာဝန် အိမ်ရာနှစ်ခု တို့ကို ကျပ်သန်းပေါင်း ၂၀၀၀ ကျော် အကုန်အကျခံ ၍ ယခုနှစ်မှ စတင်ကာ ထပ်မံ ဆောက်လုပ်မည် ဖြစ်ကြောင်း နှင့် လက်ရှိတွင် ဖောင်ဒေးရှင်း ပိုင်းကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် (၁) နား၊ နှာခေါင်း ၊ လည်ချောင်း ပညာဌာန မှ သိရသည်။

ယခု ဆောက်လုပ်မည့် တိုးချဲ့ ငါးထပ် လူနာဆောင် သည် အလျား ၂၁၅ ပေ ၊ အနံ ပေ ၇၀ နှင့် အမြင့်ပေ ၇၀ ရှိမည်ဖြစ်ပြီး မြေညီထပ်တွင် ပြင်ပ လူနာဌာန ၊ အရေးပေါ်ဌာန ၊ MRI ဓာတ်မှန်ခန်း ၊ ပထမထပ်၌ လူနာဟောင်း များအတွက် စမ်းသပ်ခန်း ၊ ဒုတိယထပ်၌ စာသင်ခန်း နှင့် သီးသန့် လူနာခန်း ၊ တတိယထပ်၌ အတွင်း လူနာဆောင် များ ၊ စတုတ္ထထပ် ၌ ခွဲစိတ်ခန်း နှင့် အထူး ကြပ်မတ် ကုသဆောင်များ ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးကု ဆရာဝန်အိမ်ရာကို အလျား ၆၃ ပေ ၊ အနံ ၅၆ ပေ နှင့် အမြင့် ၄၈ ပေ RC အမျိုးအစား ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ ဦးခေါင်း နှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (ပုံ) သည် တာမွေမြို့နယ်၌ တည်ရှိပြီး ခုတင် ၁၅၀ ဆံ့ ဆေးရုံကြီး ဖြစ်ကာ အနယ်နယ် အရပ်ရပ် မှ လူနာဦးရေ ၁၅၀ ခန့် တက်ရောက် ကုသလျက် ရှိသည်။ ပြင်ပလူနာ ဌာနသို့ တစ်နေ့လျှင် လူနာဦးရေ ၃၀၀ မှ ၄၀၀ ခန့် လာရောက် ပြသလျက် ရှိကြောင်း ၊ အဆိုပါ တိုးချဲ့ဆောင် ဆောက်လုပ်ပြီး ပါက နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ ဦးခေါင်း နှင့် လည်ပင်း ရောဂါ လူနာများကို ယခုထက် ပို၍ လက်ခံကုသပေး နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment