Pages

Thursday, November 5, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် ရေဆိုးထုတ်စနစ်များကို ပြန်လည်စိစစ်ရန် လိုအပ်



ညောင်ဦး ၊ ၅-၁၁-၂၀၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရန် မဟာဗျူဟာ စီမံချက်များ ရေးဆွဲရာတွင် လူနေအိမ်၊ ဟိုတယ်နှင့် စားသောက်ဆိုင် များမှ စွန့်ပစ်သော ရေဆိုးများ မြေအောက်ရှိ ရေများနှင့် ပေါင်းစည်းကာ မြေကျွံခြင်းများ ဖြစ်ပေါ်လာနိုင် သဖြင့် ရေဆိုးထုတ်စနစ် များကို ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Bagan Heritage Trust မှ ရရှိထားသည့် စာရင်းများအရ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် ၄၂ စတုရန်း ကီလိုမီတာ သတ်မှတ်ထားပြီး စေတီပုထိုး အများအပြား ရှိသည့် ၁၅ စတုရန်း ကီလိုမီတာကို အထူး နယ်မြေအဖြစ် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတ်မှတ်ထားကာ ယင်းနယ်မြေ အတွင်းရှိ ကျေးရွာများ ဖြစ်သည့် အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ၊ မြင်းကပါနှင့် ပုဂံမြို့သစ် ၌ရှိသည့် လူနေအိမ်၊ ဟိုတယ်၊ မိုတယ်များ၊ စားသောက်ဆိုင် များတွင် ခေတ်မီ ရေဆိုးထုတ် စနစ်များ မရှိသဖြင့် ရေဆိုးများ မြေအောက်ရေ အတွင်းသို့ ရောက်ရှိကာ မြေကျွံခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် စေတီပုထိုး များ၏ ရေရှည် တည်တံ့မှုကို ထိခိုက် လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများ၏ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှု ပမာဏနှင့် ရေဆိုး စွန့်ထုတ်သည့် ပမာဏများကို တိကျ သေချာသည့် အချက်အလက် များဖြင့် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ခေတ်မီ ရေဆိုးထုတ် စနစ်များ မရှိသည့် အတွက် ဟိုတယ်များ၊ မိုတယ်များ၊ စားသောက်ဆိုင် များနှင့် လူနေအိမ် များမှ စွန့်ထုတ်လိုက်သည့် ရေဆိုးများကို ပတ်ဝန်းကျင်ရှိ ရေမြောင်းများမှ တိုက်ရိုက် စွန့်ထုတ်သည့် အတွက် မြေအောက်ရေ ညစ်ညမ်းမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

''အပေါ်ရေ သုံးစွဲမှုတွေ၊ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှုတွေက ကြာလာတော့ သဘာဝ မြေလွှာတွေပါ ပျက်စီးမှု ဖြစ်နိုင်တဲ့ အတွက် မြေကျွံကျပြီး ရှေးဟောင်းဘုရား တွေရဲ့ ကြံ့ခိုင်မှုကိုပါ ထိခိုက် နိုင်တယ်လို့ ပညာရှင် တွေက ဆွေးနွေးခဲ့ ပါတယ်။ ဒါကြောင့် ရေဆိုးထုတ် စနစ်တွေကို ပြန်လည် စိစစ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် '' ဟု Bagan Heritage Trust မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပျူမြို့ဟောင်း သုံးခုဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ တို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွက် မြစေတီ ကျောက်စာကို Memory of the World Register(MOW) အဖြစ် သတ်မှတ်ခံခဲ့ ရသည့်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ကြိုးပမ်း နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment