Pages

Sunday, November 8, 2015

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းမှ မြန်မာရေလုပ်သားများ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၈-၁၁-၂ဝ၁၅

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းတွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၇၁ ဦးသည် ယမန်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိလာရာ ဆွေမျိုးမိဘ များနှင့် တာဝန်ရှိ သူတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

၎င်းရေလုပ်သား များသည် အင်ဒိုနီးရှားနိုင်ငံ ရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြုချက် ရယူပြီး ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖြစ်ကြသည်။

အဆိုပါ ပြန်လည်ရောက်ရှိ လာကြသည့် ရေလုပ်သား များကို မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန ရှိ မသန်စွမ်း သက်ငယ် သင်တန်းကျောင်း တွင် သက်ဆိုင်ရာမှ ခေတ္တနေရာချ ထားပေးပြီး ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် နောက်ဆက်တွဲ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါက ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

''အင်ဒိုနီးရှား အစိုးရက ငါးဖမ်းခွင့် ပိတ်လိုက်တာဟာ ကျွန်တော်တို့အတွက် အဓိက အခက်အခဲ ဖြစ်တာပဲ၊ ငါးဖမ်းလှေ ပေါ်မှာပဲ နှစ်နဲ့ချီ နေခဲ့ရတယ်။ လုပ်အားခတွေ ကတော့ သက်ဆိုင်ရာရဲ့ ကူညီမှု များကြောင့် အားလုံးရရှိခဲ့ ပါတယ်။ ကိုယ့်မြန်မာပြည် ကို ချောချောမွေ့မွေ့ ပြန်ရောက် လာတာပဲ ကျေးဇူးတင် ပါတယ်။ သူများနိုင်ငံမှာ နောက်ထပ် အလုပ်သွားလုပ် ဖို့လည်း အစီအစဉ် မရှိတော့ပါဘူး'' ဟု ထားဝယ်မြို့မှ ကိုစိုးအောင် ကပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ရေလုပ်သား များကို အဆိုပါနိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်း သွားလာနေထိုင် ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM)တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိရာ စက်တင်ဘာလ မှ နိုဝင်ဘာ ၇ ရက်ထိ (၈)ကြိမ်မြောက် ပို့ဆောင်ပေး ခဲ့ပြီး မြန်မာနိုင်ငံသား ၃ဝ၃ ဦး မိမိတို့၏ နေရပ် အသီးသီးသို့ ဘေးအန္တရာယ် ကင်းစွာ ပြန်လည် ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (ဝန်းရံခ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment