Pages

Monday, November 30, 2015

စေ့၍ထားသော စိတ်တံခါး


စေ့၍ထားသော စိတ်တံခါး

မဒါလေး

မိဘဆိုသည်မှာ တံခါးပိတ်ထားသော အိမ်ထဲတွင် ထိုင်နေသူများ နှင့်တူပြီး သားသမီး ဟူသည်မှာ ထို မိဘများထံသို့ ပြင်ပမှ ကောင်းသတင်း၊ ဆိုးသတင်း ဟူသမျှကို သယ်ဆောင် လာသောသူနှင့် တူသည်။ သားသမီးအပေါ် ထားသော မိဘ၏ အချစ်သည် သိမ်မွေ့နူးညံ့ လွန်းလှသည်။ ထိုနူးညံ့သော အရာတို့သည် အထိန်းအသိမ်း မတတ်လျှင် လွယ်ကူ လျင်မြန်စွာ ပျက်စီး သွားနိုင်သည်။ ပျက်စီး သွားသည့်တိုင်လည်း တည်မြဲတတ်သည့် သဘောရှိသည်။

တစ်ခါတစ်ရံ မြင်တွေ့ နေလျက်ပင် ချောင်းကြည့် လိုက်ရသည့် အနေအထားများ ရှေ့တည့်တည့်တွင် ရှိနေသည့်တိုင် မျက်စိမှိတ် လိုက်ရသည့် တဒင်္ဂများ၊ တွေ့မြင်နေလျက် တံခါးနောက် ပုန်းလျှိုး ကွယ်ဝှက် လိုက်ရသည့် အချိန်များ၊ အမှောင် တစ်ဖက်တွင် တိတ်တဆိတ် ကြေကွဲဝမ်းနည်း ရသည့်အချိန်များ အချိန်များ အချိန်များ များလွန်း လှသည်။ ထိုအချိန်များကို ပိုင်ဆိုင်သူကား မည်သူများ ဖြစ်မည်နည်း။

ဒေါ်မှီ တစ်ယောက် အိမ်ထဲတွင်ပင် အိမ်မှုကိစ္စ အဝဝကို ကုန်းရုန်း လုပ်နေရှာသည်။ နံနက် မိုးမလင်းမီကပင် သားသမီးများ အလုပ်သွား၊ ကျောင်းတက်ရန် ထမင်းချိုင့်မီရေး ထချက်ရသည်။ ဟင်းစား ကြေးများလှသော သားသမီးများ ကြားတွင် ဒေါ်မှီ တစ်ယောက် မိုးမလင်းမီကပင် ဗျာများ နေရသည်။ ချစ်လင် မောင်ကြီး အတွက်ကား ဤမျှလောက် မစဉ်းစားရ။ မစဉ်းစားရဆို အသက်က ကြီးလာပြီ ဖြစ်သဖြင့် သူ့တာဝန် ကိုယ့်တာဝန် သိကာ တစ်ဦးနှင့်တစ်ဦး အပြစ်တင် မနေတော့ပေ။ ဤအချိန်တွင်မူ တစ်ဦးအကြောင်း တစ်ဦး အရာအားလုံးကို နားလည် နေလေပြီ။ ၄င်းတို့ နားမလည်နိုင် ဖြစ်နေရသည်က သားသမီး များ၏ တစ်ယောက်တစ်မျိုး ဖြစ်နေကြပုံ များကိုဖြစ်သည်။ အသက်အရွယ် တို့သည် သင်ပေးခဲ့ ချိန်များမှ ပြန်လည် သင်ယူရမည့် အချိန်သို့ပင် ပြောင်းလာခဲ့ လေပြီလားဟု ဒေါ်မှီ တစ်ယောက် အမြဲတစေ ပြောတတ်သည်။

သားသမီးများကို ၄င်းတို့ လမ်းညွှန်သင်ပြ ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ။ အားလုံး အရွယ်ရောက် လာခြင်းနှင့်အတူ ခေတ်စနစ်၏ ပြောင်းလဲခြင်း ကိုလည်း ၄င်းတို့ ဇနီးမောင်နှံ မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင် နေရပြီ။ ယခုထက် ဆိုးသည်က ဒေါ်မှီ ၏ခင်ပွန်းသည် အစိုးရဝန်ထမ်း ဖြစ်သဖြင့် ရုံးနှင့်အိမ်သာ အသွားအလာ ရှိသည်။ ဒေါ်မှီကမူ အိမ်မှုကိစ္စ များဖြင့်သာ အချိန်ကုန် နေသဖြင့် ပြင်ပ ဗဟုသုတနှင့် ခေတ်အမြင်မှာ အလွန်နည်းပါး လွန်းလှသည်။ သားသမီးများ ပြောပြသည့် ကမ္ဘာကြီး အတွင်းမှ အကြောင်းအရာ များကို တအံ့တသြ နားထောင်ရသည် ကိုက ဒေါ်မှီအတွက် အရသာ တွေ့နေသည်။ သို့သော် မနက်ဖြန် အာလူး၊ ကြက်သွန် ဘယ်ဈေး၊ ဆီက ဘယ်လောက်၊ ဆန်ကတော့ ဘယ်ဈေး စသည့် မီးဖိုချောင် ကိစ္စလောက်သာ အရေးထားသော ဒေါ်မှီအတွက် ထိုအရာ များသည် ရင်ထဲမစွဲ ဖြစ်ခဲ့ရသည်။ ဈေးတက်လျှင် ချွေတာကာ မည်သို့ သုံးရမည်။ ဈေးကျလျှင် မည်သို့ ဝယ်စုရမည်သာ အမြဲ တွက်ချက်လျက် လင်ယောက်ျား နှင့် သားသမီးအတွက် တာဝန်မပျက်ယွင်း စေရန်သာ အမှတ်တရ ရှိနေတတ်သည်။

သားသမီးများ ကလည်း ဟင်းသီးဟင်းရွက် ဈေးနှုန်း၊ သားငါးဈေး များကို စိတ်မဝင်စား အဝတ်အစားနှင့် မိတ်ကပ်က ဘယ်လောက် ဖိနပ်က ဘယ်လို၊ လက်ကိုင်အိတ် က ဘယ်သို့သာ စိတ်ဝင်စား ကြသည်။ ထို စိတ်ဝင်စားခြင်း စိတ်မဝင်စားခြင်း များမှာ အဖေ ဝန်ထမ်းဖြစ် နေတုန်းကတော့ ဝန်ထမ်းလစာ နှင့် အပိုစရိတ်များ ရသဖြင့် မသိသာ သော်လည်း အနားယူပြီး ပင်စင်လစာ တစ်ခုနှင့် နေရတော့မည် ဆိုသောအခါ စကားပြော လာကြလေပြီ။ ပြောလည်း ပြောရလေပြီ။ ခေတ်နှင့်အညီ လိုက်နေသော သားသမီးများနှင့် မိဘအကြား အတိုက် အခိုက်များ စလေပြီ။ သားသမီး များ၏ အဝတ်ဗီရိုမှ ပြည့်လျှံထွက် နေသော အဝတ်များကို ကြည့်ကာ ဒေါ်မှီမှာ စိတ်မသက်မသာ ဖြစ်ရသည်။ ၄င်းတို့ ခေတ်တုန်းက အဝတ်သုံးလေးစုံ လောက်ရှိလျှင် လူရာဝင်ဝင် သွားလာ နေနိုင်သည်။ ယခုမူ ဒီလောက် ရှိတာတောင် သားသမီး များသည် အသစ်ဝယ်၍ မဆုံးနိုင်သေးဟုသာ အမြဲ အပြစ်တင်မိသည်။ ထိုအဝတ်အစား ဝယ်သော ပိုက်ဆံများကိုသာ စုလျှင်ဟုလည်း စုတ်တ သပ်သပ် တွေးနေမိသည်။ တစ်ဖက်က ကြည့်လျှင်လည်း ယနေ့သစ်လျှင် မနက်ဖြန် အဟောင်း ဖြစ်ချင် ဖြစ်နေသော ခေတ်ရေစီးကြောင်း ပေါ်တွင် လူနှင့်သူနှင့် တူအောင်တော့ ဝတ်စားသင့် သည်ဟု မှတ်ယူ ထားကြသည်။

ယခင်က ပုံမှန် အပ်နေသော လစာကို ယခုမူ နည်းသည်ဟု ထင်မြင်လာသည်။ ယခင်က သုံးနေသော ငွေကြေးကို ယခုမူ ဖြုန်းသည်ဟု မြင်လာသည်။ ယခင်ကထက် ပိုလိုချင်လာသည်။ သားသမီး အပေါ်တွင် မည်သို့မျှ မမျှော်လင့်ဟု ပြောသော်လည်း ရင်ထဲတွင်မူ လစာအပြည့် အပ်သည်ကိုပင် လိုလား တောင့်တ နေမိသည်။ သားသမီး များ၏ လူမှုရေးကို ရှုပ်သည်ဟု ယူဆလာသည်။ ထိုသို့ဖြင့် တစ်စတစ်စ အိမ်တွင်းရေးတွင် သွေးအေး သွားကြသည်။ ၄င်းကြားနေကျ ကမ္ဘာကြီး အကြောင်းလည်း ပြောပြသူ မရှိတော့။ သားသမီး ဆို၍ အနားကပ်သူ မရှိသလောက် ဖြစ်နေတော့သည်။ အချိန်တန်လျှင်မူ လစာများ အပ်ကြသည်။ ဤသည်ကို တာဝန်တစ်ခု အနေဖြင့်ပင် အားလုံးသိထား လိုက်ကြသည်။ ထိုတာဝန်မှာ ပေးသူယူသူ တစ်စတစ်စ ကြီးလေးသော ဝန်ကြီးဖြစ်လာ တော့သည်။ နောက်ဆုံး မခံစားနိုင် တော့သည့် အချိန်တွင် ငယ်ပေါင်း ချစ်လင်နှင့်ပင် ခေါင်းချင်းဆိုင် ရင်ဖွင့်မိသည်။ အိမ်ထဲ တွင် နေရင်းပင် ဖုန်းတစ်လုံးနှင့်ကမ္ဘာပတ် နေသော ချစ်လင်ယောက်ျား က ဒေါ်မှီ၏ အတ္တများကို လျှော့ချရန် နှစ်သိမ့်ရှာသည်။ ဒေါ်မှီပြောတိုင်း ပြန်ပြောသည့် စကားတစ်ခုက ''သူတို့ခေတ်နဲ့ တို့ခေတ် မတူတော့ ဘူးကိုးကွ၊ ပြီးတော့ မင်းလဲ အိမ်ပြင်လေး ဘာလေး ထွက်လေ့လာအုံး'' ဟူ၍ ဖြစ်သည်။

ဒေါ်မှီတစ်ယောက် မိမိ သားသမီးများနှင့် ပတ်သက်၍လည်း တံခါးပိတ် နှုတ်ဆိတ် နေခဲ့သည်မှာ ကြာခဲ့လေပြီ။ ယခုတော့ ချစ်လင် ယောက်ျား၏ အားပေးမှုဖြင့် ထိုသို့ မနေနိုင်တော့ပြီ။ ပတ်ဝန်းကျင် မှအသံများ၊ ပြောင်းလဲနေသော ခေတ် အခြေအနေ များကို ကိုယ်တိုင်သိရန် ကြိုးစား ရပေတော့မည်။ စိတ်ထဲတွင် သံမှိုစွဲနေသော ကုန်ဈေးနှုန်း ပြောင်းလဲမှုများကို ဖျက်ကာ ခေတ်ရေစီးကြောင်း ၏ ပြောင်းလဲမှု အသစ်များ ထပ်ထည့် ရပေမည်။ သို့မှသာ သားသမီးများနှင့် ပတ်ဝန်းကျင်တွင် ယခင်ကဲ့သို့ အဆင်ပြေပြေ လိုက်လျောညီထွေ နေနိုင်မည် ဖြစ်ပြီး သားသမီးများ တိုင်ပင် ပြောဆိုသည် များကိုလည်း သုံးသပ်ချင့်ချိန် နိုင်မည် ဖြစ်သည်။ ဒေါ်မှီ တစ်ယောက် ယခင်ကကဲ့သို့ ဘာပြောပြော ဘုတောရန်၊ ဆူငေါက်ရန် စိတ်ကူး မရှိတော့ပေ။ အကြောင်းမှာ ၄င်း၏ စိတ်တံခါးကို စေ့ထားရန် ဆုံးဖြတ် လိုက်သောကြောင့် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)



No comments:

Post a Comment