Pages

Friday, November 27, 2015

မြန်မာနိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးရန် ဆေးကုသဌာန ၇၃ ခုတိုးချဲ့ ဖွင့်လှစ်


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

မြန်မာနိုင်ငံ တစ်ဝန်း၌ မူးယစ်ဆေးစွဲ နေသူများအား ဆေးဖြတ်ပေးရန် ဆေးကုသ ဌာနကြီး ၂၆ ခုနှင့် ဆေစွဲ နေသူများအား ဆေးကုသရာ ဌာနငယ် ၄၇ ခု စုစုပေါင်း ဆေးကုသဌာန ၇၃ ခုအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ၁၉၇၆ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အတွင်း မူးယစ်ဆေးစွဲ ကုသဌာနကြီး ခြောက်ခုနှင့် မူးယစ်ဆေးစွဲ ကုသဌာနငယ် ၁၈ ခု စုစုပေါင်း ဆေးကုသဌာန ၂၄ ခု ဖွင့်လှစ် ထားရှိခဲ့ပြီး နောက် ၂ဝဝ၂ ခုနှစ် အမိန့် ကြော်ငြာစာ အမှတ် (၄/၂ဝဝ၂) နှင့် (၅/၂ဝဝ၂) တို့ဖြင့် မူးယစ်ဆေးစွဲ ကုသဌာနကြီး အခု ၂ဝ နှင့် မူးယစ်ဆေးစွဲ ကုသဌာနငယ် ၂၂ ခုအထိ တိုးချဲ့ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ၂ဝဝ၃ ခုနှစ်တွင် မူးယစ်ဆေးစွဲ ကုသဌာနကြီး ၂၆ ခုနှင့် ဆေးစွဲကုသ ဌာနငယ် အခု ၄ဝ စုစုပေါင်း ဆေးကုသ ဌာန ၆၆ ခု အထိ တိုးမြှင့်ဖွင့်လှစ် နိုင်ခဲ့သည့် အပြင် မူးယစ်ဆေးစွဲ ကုသဌာနများ မဖွင့်လှစ်
နိုင်သေးသော မြို့နယ်တချို့ နှင့် နယ်စပ်ဆေးရုံ ၄၉ ရုံတို့၌ မူးယစ်ဆေးစွဲ သူများအား ဆေးဖြတ် ကုသပေးခြင်းများ ဝန်ဆောင်မှု ပေးရန် သက်ဆိုင်ရာမှ အမိန့်ထုတ်ပြန် ခဲ့ကြောင်း၊ ထို့နောက် ၂ဝ၁၄ ခုနှစ်တွင်လည်းအမိန့် ကြော်ငြာစာ အမှတ်(၂/၂ဝ၁၄) ထုတ်ပြန်ကာ လိုအပ်သော ဒေသများ၌ မူးယစ်ဆေးစွဲ ကုသဌာနငယ် ခုနစ်ခု ထပ်မံဖွင့်လှစ် ခဲ့ရာ ယခုအခါ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးစွဲ ကုသဌာနကြီး ၂၆ ခုနှင့် ဆေးစွဲကုသ ဌာနငယ် ၄၇ ခု စုစုပေါင်း ဆေးကုသ ဌာန ၇၃ ခုအထိ ရှိလာကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများသည် မသန့်ရှင်းသော ဆေးထိုးအပ် များဖြင့် သွေးကြော အတွင်းသို့ ထိုးသွင်းရာမှ HIV ပိုးနှင့် အသည်းရောင် အသားဝါ C ပိုး ကဲ့သို့သော ရောဂါများ ဖြစ်ပွား လာခြင်းကို လျော့နည်း ပပျောက်စေရန် မက်သဒုန်း ဆေးရည် အစားထိုး တိုက်ကျွေးရေး စီမံချက်ကို ၂ဝဝ၆ ခုနှစ်မှ စတင်ကာ မူးယစ်ဆေးစွဲ ကုသဌာန လေးခု၌ စမ်းသပ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် မက်သဒုန်း ဆေးရည် တိုက်ကျွေးရေး ဌာန ပေါင်း ၄၁ ခုအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment