Pages

Wednesday, November 11, 2015

ပိရမစ်များကို ဆန်၊ရေ၊စပါး သိုလှောင်ရန် အသုံးပြုခဲ့သော် …



ပိရမစ်များကို ဆန်၊ရေ၊စပါး သိုလှောင်ရန် အသုံးပြုခဲ့သော် …

ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ရင် ပြန်လည် ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာက မျိုးစေ့တွေကို ထိန်းသိမ်း ထားရှိတဲ့ ကမ္ဘာ့ မြောက်ဝင်ရိုးစွန်းနဲ့  မိုင် ၈၀၀ ကျော်သာ ဝေးတော့တဲ့ နော်ဝေနိုင်ငံ၊ Spitsbergen ကျွန်းပေါ်က ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးထဲကနေ မျိုးစေ့တွေကို ဆီးရီးယား နိုင်ငံအတွက် လွန်ခဲ့တဲ့လပိုင်း လောက်ပဲ ထုတ်ပေးခဲ့ရပြီး တဲ့နောက် ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးကို လူတွေ စိတ်ဝင်စား သွားပြီး ကမ္ဘာပေါ်မှာ ဒီလိုမျိုးစေ့ ဘဏ်ကြီးတွေ ဘယ်နေရာ တွေမှာရှိသေး သလဲဆိုတာကို စပ်စုလာကြတဲ့ အပြင် အမေရိကန် သမ္မတ နေရာကို ၀င်ရောက် ယှဉ်ပြိုင်မယ့် ရီပါဘလစ်ကန် ကိုယ်စားလှယ် လောင်း Ben Carson ကလည်း အီဂျစ်နိုင်ငံရဲ့  ပိရမစ်တွေဟာ တစ်ကယ်တော့ စပါးမျိုးတွေ သိုလှောင်ဖို့ တည်ဆောက် ထားခဲ့တာ ဖြစ်နိုင်တယ်လို့  ရယ်သလို မောသလိုနဲ့  ပြောခဲ့တဲ့ အပေါ် နိုင်ငံတကာက လေးလေး နက်နက်တွေးပြီး ပြန်လည် တုန့် ပြန် ဆွေးနွေး လာကြတာ စိတ်ဝင်စားစရာ ဖြစ်သွား ပါတယ်။

တစ်ကယ်တော့ အီဂျစ်ပိရမစ် တွေဟာ သင်္ချိုင်းဂူတွေ ဆိုတာ ကလေးကအစ သိပါတယ်။ Ben Carson လိုနိုင်ငံရေး သမားကြီး တစ်ဦးက ဒီ ပိရမစ်တွေကို ဆန်၊ရေ၊စပါး သိုလှောင်လို့ ရနိုင်တယ် ဆိုပြီး အရိပ်အမြွက် ထုတ်ပြောခဲ့တာ အကြောင်း တစ်ခုတော့ ရှိရပါမယ်။ အီဂျစ်နိုင်ငံ ပိရမစ်တွေရဲ့ အင်မတန် ကောင်းမွန်လှတဲ့ ဗိသုကာ ပညာနဲ့ တည်ဆောက် ထားတဲ့ အကျယ်အ၀န်း အားဖြင့် ကြီးမားလှတဲ့ ပိရမစ်ကြီး တွေမှာ ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးတွေမှာ မျိုးစေ့တွေ သိုလှောင်သလို စပါးတွေ၊ ပြောင်းတွေ၊ ဂျုံတွေ လှောင်လိုက် ရမယ် ဆိုရင်တော့ အားပါးတရ ဆန့် မှာ အမှန်ပါပဲ။ 

တစ်ကယ်တော့ အီဂျစ်နိုင်ငံရေးရာ တွေဟာ အမေရိကန် သမ္မတ ရွေးကောက် တင်မြှောက်ပွဲ တွေမှာ ဘယ်တုန်းကမှ အရေးပါတဲ့ အကြောင်းအရာ မဖြစ်ခဲ့ပါဘူး။ ဒီ ရီပါဘလစ်ကန် အမတ်ကြီး လုပ်လိုက်မှ အားလုံး စိတ်ဝင်စား ကုန်ပြီး Ben Carson ကလည်း ကျမ်းစာ အကိုးအကားတွေ ပြပြီး ပိရမစ်တွေကို အစ ကတည်း စပါးကျီအဖြစ် အသုံးပြုဖို့  တည်ဆောက်ခဲ့ တာလို့  အခိုင်အမာ ပြောလိုက်တဲ့ နောက်ပိုင်း နိုင်ငံတကာက ဝေဖန်ချင် တာထက် စိတ်ဝင်စားမှု ပိုသွားခြင်း ဖြစ်ပါတယ်။ 

Ben Carson ရဲ့ ကျမ်းကိုးဟာ တစ်ကယ်ပဲ မှန်နေသလားပေါ့။ သမ္မာကျမ်းစာဟောင်း အရ ဂျိုးဇက် ညီအစ်ကို တွေက အီဂျစ်နိုင်ငံမှာ ကျွန်အဖြစ် ရောင်းချခဲ့ကြ ပါတယ်။ အီဂျစ်မှာဂျိုးဇက် က ဖာရိုဘုရင်ကြီး တစ်ပါးရဲ့ အိပ်မက်ကို မှန်ကန်စွာ နိမိတ်ဖတ်နိုင်ခဲ့တဲ့ အတွက် အီဂျစ်နိုင်ငံကြီး တစ်ခုလုံး ၇-နှစ်တိုင်တိုင် အစာရေစာ ငတ်မွတ်ခေါင်းပါး မယ့်ဘေးကနေ ကယ်တင် နိုင်ခဲ့ပါတယ်။ ကယ်တင်တဲ့ နည်းကတော့ ပိရမစ်ကြီး တွေထဲမှာ ဆန်၊ရေ၊ စပါး၊ ဂျုံ၊ ပြောင်း အစရှိတာ တွေကို လှောင်ထားခြင်းဖြင့် ဖြစ်တယ်လို့  ဆိုပါတယ်။ 

အမှန်လည်း အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ မှာရှိတဲ့ စိန့် မာ့ခ် ခရစ်ယာန် ၀တ်ပြုကျောင်း တော်ကြီးမှာ သွားရောက် လေ့လာမယ် ဆိုရင် ဂျိုးဇက်ဇာတ်လမ်း အတိုင်း ဂီဇာဒေသမှာ ပိရမစ်ကြီး ၃ ခုထဲ ဆန်၊ ရေ၊ စပါးတွေ သိုလှောင် ထားတဲ့ ပန်းချီကား တွေကိုတွေ့ ရမှာ ဖြစ်ပါတယ်။ 

၆ ရာစု က ကျော်ကြားခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ စိန့် ဂရေဂေါ်ရီ ကလည်း စိုက်ပျိုးရရှိသော ဂျုံများကို အခြေကျယ်၍ ထိပ်ပိုင်းသို့ ကျဉ်းသွားသော အုပ်တိုက်တွင် သိုလှောင် ခဲ့ကြောင်း၊ ဂျုံများကို ယင်း အုတ်တိုက်၏ ကျဉ်းမြောင်း လှသော ခေါင်မိုးထိပ်ရှိ အပေါက်ဝမှ သွန်ချစုဆောင်း ခဲ့ခြင်းဖြစ်သည် လို့  ရေးသား ဖော်ပြထားတာ ကလည်း ပိရမစ် တွေကို တစ်ချိန်က ဆန်၊ရေ၊စပါး သိုလှောင်ဖို့  အသုံးပြုခဲ့တယ် ဆိုတဲ့ အထောက်အထား တစ်ခု ဖြစ်လာပြန် ပါတယ်။ 

ဒါ့အပြင် ၁၄ ရာစုနှစ်က ခရီးသွား မှတ်တမ်း တွေမှာလည်း ဂျိုးဇက်ရဲ့ စပါးကျီဆိုပြီး ရည်ညွှန်း အဆောက်အဦ တွေက ပိရမစ်ပုံပဲ ဖြစ်နေတာကို ထပ်မံတွေ့ ရပါတယ်။ ထို့ အပြင် ဂီဇာဒေသ က ပိရမစ်များကို တည်ဆောက်ပြီး ရာစုနှစ်နှင့်ချီ ကြာပြီး နောက်ပိုင်းတွင်သာ အီဂျစ်နိုင်ငံ၏ အလယ်ပိုင်းခေတ် ဘုရင့် ရာဇ၀င် တည်ရှိလာခြင်း၊ ယင်း အချိန် မတိုင်မီပင် ဂီဇာ ပိရမစ်ကြီးများကို တည်ဆောက်ပြီးစီး ခဲ့ကာစပါးကျီ အဖြစ် အသုံးပြုခဲ့ခြင်း၊ ယခုအခါ ပိရမစ်များသည် သင်္ချိုင်းဂူများ ဖြစ်သည်ကို ကမ္ဘာက ယုံကြည်လက်ခံ နိုင်လောက်သော အထောက်အထား များရှိခြင်း တို့ ကြောင့် တစ်ချိန်က ဆန်ရေစပါးများ သိုလှောင်ရန် ရည်ရွယ်ပြုလုပ် ခဲ့သော ပိရမစ်များသည် အတွင်းပိုင်းတွင် လူများ နေထိုင်နိုင်ရန်လည်း စီစဉ်ထားရှိပြီး သေဆုံးသူများ ကိုလည်း တစ်ပါတည်း မြုပ်နှံနိုင်ရန် စီမံထားရှိခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း ငတ်မွတ်ခေါင်းပါး သည့် ဘေးကုန်လွန် သွားသည့် အချိန်တွင်မူ မြို့ ပြများ ပြန်လည် တည်ထောင် လာခဲ့ကြပြီး ပိရမစ်များကို သင်္ချိုင်းဂူများ၊ ရတနာသိုက်များ အဖြစ်သာ ဆက်လက် အသုံးပြုခဲ့ဖွယ် ရှိကြောင်း သုတေသီ များက ကောက်ချက်ချသည်။ 

အီဂျစ် တစ်နိုင်ငံလုံးကို ၇ နှစ် အစာရေစာ ကျွေးမွေး ထားနိုင်တဲ့ စပါးကျီတွေ ဆိုတာ အလွန်ကြီးမားပြီး အလွန် ခိုင်ခန့် တဲ့ အဆောက်အဦ ကြီးတွေ ဖြစ်ရမယ်လေ။ ဂီဇာပိရမစ် တွေရဲ့ ထုထည်၊ အချိုး အရွယ်အစားနဲ့ ချိန်ပြီးတွက်ကြည့် မယ်ဆိုရင် အဲဒီ ငတ်မွတ်မှုဘေး ၇ နှစ်အတွက် အစာရေစာ သိုလှောင်ခဲ့ ပါတယ်ဆိုတဲ့ စပါးကျီတွေဟာ ဒီ ပိရမစ်တွေပဲ ဖြစ်ရမယ်လေဟု Ben Carson က နိုဝင်ဘာလ (၄) ရက်နေ့ က အခိုင်အမာ ငြင်းခုံဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ 

ဒီတော့ လူတွေ စိတ်ဝင်စားသွားကြ ပါပြီ။ တစ်ကယ်လည်း အီဂျစ် ပိရမစ်တွေကို အစာရေစာ သိုလှောင်ဖို့ ၊ မျိုးစေ့တွေ သိုလှောင်ဖို့ ၊ နောက် လူသား အကျိုးပြု လုပ်ငန်းတွေကို သိုလှောင်ဖို့  ဆိုတာ အကြံကောင်း ဖြစ်လိမ့်မယ်လို့  လည်း တွေးမိ လာကြပါပြီ။ Ben Carson ကတော့ နိုင်ငံရေး စကားရည်လုပွဲ မှာ အားသာ သွားတာပေါ့။ တစ်ဖက်ကလည်း လူသားတွေ အတွက် အကျိုးရှိတဲ့ အကြံတစ်ခု ကိုတော့ ရတာပေါ့။ ဒါပေမယ့် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး သမားတွေက ပိရမစ်တွေကို ဒီလို သုံးမယ်ဆိုရင် လက်ခံနိုင်ကြ ပါ့မလား။ အီဂျစ်နိုင်ငံ အစိုးရကကော ခွင့်ပြုပါ့မလား။ ဒီပိရမစ်တွေဟာ ရုပ်ရှင်တွေထဲကလို ကျိန်စာတိုက် ထားတာကော ဟုတ်သလား ဆိုတာလေး တွေကို တွေးမိပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

No comments:

Post a Comment