Pages

Monday, October 19, 2015

Selfie ရိုက်ခြင်းသည် အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည်



နယူးယောက် ၊ ၁၉-၁၀-၂၀၁၅

ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ဆန်းတစ်မျိုး ပြန့် ပွားနေပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စတင်တွေ့ ရှိခဲ့တာ ဖြစ်ပြီး အခု ၂၀၁၅ မှာ တစ်ကမ္ဘာလုံးရဲ့  ၇၀ ရာခိုင်နှုန်း လောက်ကို ဒီဗိုင်းရပ်က ပြန့် ပွားကူးစက် တိုက်ခိုက်နေပြီမို့  အခုဆိုရင် လူအသေ အပျောက်လည်း အတော်များနေပြီ ဖြစ်ပါတယ်။ အဲဒီ ဗိုင်းရပ်စ်ကတော့ Selfie ဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။ 

မကြာသေးခင် ကပဲ ရုရှားမှာ လူနှစ်ယောက်ဟာ လက်ပစ်ဗုံး ဖောက်ခွဲနေသဏ္ဍန် Selfie ရိုက်ဖို့ ကြိုးစားရင်း ဗုံးတစ်ကယ် ပေါက်ကွဲသွားလို့  သေဆုံးခဲ့ရ ပါတယ်။ ဇွန်လတုန်း ကလည်း တက္ကသိုလ် ကျောင်းသား တစ်ယောက်က ဘွဲ့ ရတဲ့နေ့ မှာ ၀မ်းသာလုံးဆို့ ပြီး မော်စကို တံတားပေါ်ကနေ Selfie ရိုက်တာ အားလွန်ပြုတ်ကျပြီး သေဆုံးခဲ့ ပါတယ်။ ယမန်နေ့ ကပဲ အသက် ၁၇ နှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ အိမ်ခေါင်မိုးပေါ် မတ်တပ်ရပ်ပြီး Selfie ရိုက်ဖို့ ကြိုးစားရာက ပြုတ်ကျသေဆုံးခဲ့ ပါတယ်။ 

Selfie ရိုက်ဖို့ ကြိုးစားရင်း မတော်တဆ ဖြစ်ပွားပြီး သေဆုံးတာ ရုရှားမှာတင် မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု မှာလည်း လူတစ်ယောက်က သေနတ်နဲ့ လည်ပင်းကို ပစ်နေတဲ့ပုံ Selfie ရိုက်ကူးရင်း သေနတ်ကျည် တစ်ကယ် ထွက်သွားပြီး သေဆုံးခဲ့ပါတယ်။ တစ်ကယ်တော့ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာ ၂၀၁၅ ခုနှစ်အတွင်း Selfie ရိုက်ဖို့ ကြိုးစားရင်း သေဆုံးသွားသူ ၁၂ ဦးရှိခဲ့ပြီမို့  နိုင်ငံတ၀န်းမှာ ငါးမန်း အကိုက်ခံရလို့ သေဆုံးတဲ့ဦးရေ ထက်တောင် သာသွားပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိုဘိုင်းလ်ဖုန်း တွေဟာ ငါးမန်းတွေ ထက်တောင် လူသတ်စွမ်းအား မြင့်မား လာနေပြီလို့  ကောက်ချက် ချနိုင်ပါတယ်။ 

ဒါပေမယ့်လည်း Selfie ကတော့ အိပ်ယာထစဉ် တစ်ပုံ၊ မျက်နှာသစ်ပြီး တစ်ပုံ ရိုက်နေကြဆဲ ပါပဲ။ အစားအသောက် တွေရှေ့ ရောက်လာလို့  အားပါးတရ စားမယ်ကြံ ကာရှိသေး၊ နေဦး၊ ဓာတ်ပုံမရိုက်ရ သေးဘူးဆိုတဲ့ အသံနက်ကြီးက ကြောက်စရာ။ နိုင်ငံတကာ အစိုးရအဖွဲ့ တွေ အတွက်တော့ Selfie ဗိုင်းရပ်စ်ဟာ ခေါင်းခဲစရာ ပြဿနာ ဖြစ်လို့ လာနေပါပြီ။ ကော်လိုရာဒို ပြည်နယ်၊ ၀ါတာတွန်ကင်ညွှန် အမျိုးသား ဥယျာဉ်ကြီးမှာ သဘာဝ သားရိုင်းတိရိစ္ဆာန် တွေကို နောက်ခံထားပြီး Selfie ရိုက်ရာကနေ သစ်ကုလားအုပ်ကြီး တစ်ကောင်က ခေါင်းတစ်ခုလုံးကို ကိုက်ခဲလိုက် တာကိုလည်း အမျိုးသား တစ်ဦးကြုံလိုက် ပါသေးတယ်။ 


Selfie Stick တွေ တစ်ကိုင်ကိုင်နဲ့  အန္တရာယ်ရှိတဲ့ ၀က်ဝံတွေ အနီးကို အလွန်အမင်း ကပ်သွားကြ လေတော့ သူတို့ အတွက် အသက်အန္တရာယ် ရှိပါတယ်။ လူတွေက ကင်မရာထဲ ၀က်ဝံ မပေါ်လို့  နောက်ဆုတ် နောက်ဆုတ်နဲ့  ကပ်သွား ကြတာဟာ အလွန် အန္တရာယ်များ ပါတယ်။  သြစတြေးလျ မှာလည်း မင်္ဂလာကိတ်မုန့် နဲ့ သဏ္ဍန်တူတဲ့ ကျောက်တုံးကြီးကို ခြံခတ်ထား ရပါတယ်။ လက်ထပ်တော့မယ့် သတို့ သား ၊ သတို့ သမီးတွေ၊ အခုပဲ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံ တွေဟာ ဒီကျောက်တုံးကြီးပေါ် ကို မရ၊ အရ တွယ်တက်ပြီး Selfie ရိုက်ရာကနေ ခဏခဏ ပြုတ်ကျပြီး ခြေကျိုး၊လက်ကျိုး ဖြစ်ကြတဲ့ အပြင် အသက် အန္တရာယ်ပါ ရှိလာတဲ့ အတွက် နောက်ဆုံးမှာ ဒီကျောက်တုံးကြီးကို ခြံခတ်ပိတ်ထား လိုက်ရတာ ဖြစ်ပါတယ်။ 

ရုရှားမှာ Selfie ရိုက်လို့ သေဆုံးသူဦးရေ များလာတဲ့အတွက် ပြည်ထဲရေး ၀န်ကြီးဌာနက Selfie ရိုက်ခြင်းသည် အသက်ကို အန္တရာယ် ဖြစ်စေနိုင်သည် ဆိုတဲ့ ခေါင်းစဉ်နဲ့  ပညာပေး လှုပ်ရှားမှုကို တွင်ကျယ်စွာ ဆောင်ရွက် နေရပါတယ်။ ဒါလည်း လူတွေက မလျော့ပါဘူး။ Selfie ရိုက်နေဆဲပါပဲ။ 

လူတွေဘာကြောင့် Selfie ရိုက်ကြတာလည်း ဆိုတာကို သုတေသီများက လေ့လာကြည့်တဲ့ အခါ အများစုက ကြွားချင်လို့  Selfie ရိုက်ကူးတာလို့  ပေါ်လွင်လာ ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ က Christ the Redeemer ရုပ်ထုပေါ် တက်ပြီး ကိုယ့်ကိုယ်ကိုယ် Selfie ရိုက်ကူးခဲ့တဲ့ လီသွန်မဆင် ရဲ့  ဓာတ်ပုံကိုပဲ လေ့လာ ကြည့်ရအောင်။ အဲဒီဓာတ်ပုံဟာ ရက်ပိုင်းအတွင်း အွန်လိုင်းမှာ လူအကြည့် အများဆုံးဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံရိုက်ရလို့ သွန်မဆင် မှာ ဘာများ အကျိုးထူးသွား ပါလိမ့်။ စိတ်အဆာပြေ သာလျင် ဖြစ်ပါတယ်။ ၁၅ မိနစ်အတွင်း ကမ္ဘာကျော် ချင်ရင် ကျွန်တော့်လို စွန့် စွန့် စားစား Selfie ရိုက်ကြည့်ပါ လို့ လည်း သွန်မဆင် က နောက်ပြောင် ပြောဆို နေပါသေးတယ်။ တစ်ကယ်တော့ သွန်မဆင် ဟာ သူ့ ခရီးသွား ကုမ္ပဏီအတွက် ပရိုမိုးရှင်း လုပ်တဲ့အနေနဲ့  အဲဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာပါ။ Selfie ကို ရိုက်ပေါ့။ ဒါပေမယ့်အသက် အန္တရာယ် ဖြစ်လောက်တဲ့ အထိတော့ ဆင်ခြင်တုံတရား မကင်းသင့်ပါဘူး။ 


စိတ်ပညာရှင် များရဲ့ လေ့လာ တွေ ရှိချက်အရ Selfie တွေရိုက်ပြီး အွန်လိုင်း တင်လွန်းသူ တွေဟာ ကိုယ့်ကိုယ်ကိုယ် သာ အလေးထား တတ်သူတွေ ဖြစ်ပြီး အဲဒီကရတဲ့  like နဲ့  comment တွေပေါ်မှာ သာယာလိုက်၊ ရန်ဖြစ်လိုက် နဲ့  ဘ၀မှတ် နေကြတဲ့ ယဉ်ယဉ်လေး ရူးနေသူတွေ လို့ ကို သတ်မှတ်ထား ပါတယ်။ 

အချို့ ကလည်း Facebook ပေါ်မှာ ကိုယ့်ကို အများက သနားလာအောင် အသနားခံ ရေးထားကြပြီး ငိုမဲ့ မဲ့ Selfie တွေ တင်ထားကြ ပုံများ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသလို အခြေအနေ တစ်ခုမှာ မှန်ကန်စွာ ရပ်တည်နိုင်ဖို့  ကိုယ်စွမ်းကိုယ်စ မရှိဘူးဆိုတာ ထင်ရှား ပါတယ်။ 

အဖွဲ့ လိုက် Selfie ရိုက်တာ ပျော်စရာ ကောင်းပါတယ်။ မြင်ရသူမှာလည်း အဆင်ပြေပါတယ်။ တစ်ဦးချင်း Selfie ကတော့ အကြောင်းရင်း တိတိပပ မရှိဘူးဆိုရင် ကြွားချင်ရုံ သက်သက်ဖြစ်တဲ့ အတွက် ကြွားဖို့ လောက်နဲ့ တော့ ကိုယ့်အသက်ကို အန္တရာယ်ဖြစ် စေမယ့် နေရာတွေမှာ Selfie မရိုက်သင့်ဘူးလို့  သုတေသီများက သတိပေးထား ပါတယ် ဆိုတာကို လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။ 

#Yadanarpondaily

No comments:

Post a Comment