Pages

Thursday, October 29, 2015

ဂရိနိုင်ငံတွင် ကြေးခေတ်စစ်သည် တစ်ဦး၏ အရိုးစုနှင့် အသုံးအဆောင် ပစ္စည်းများတွေရှိ



အေသင် ၊ ၂၉-၁ဝ-၂ဝ၁၅

စင်စင်နတီ တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင်များသည် ဂရိနိုင်ငံ တောင်ပိုင်းရှိ နက်စ်တာနန်းတော် ၌ ရှေးဟောင်း ပစ္စည်းများ တူးဖော်ရာမှ လွန်ခဲ့သော နှစ်ပေါင်း ၃၅ဝဝ ခန့်က ကြေးခေတ် စစ်သည် တစ်ဦး၏ အုတ်ဂူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအုတ်ဂူ အတွင်းမှ အသက် ၃ဝ နှင့် ၃၅ နှစ်ကြားရှိ အမျိုးသား တစ်ဦး၏ အရိုးစုအပြင် ၄င်း၏ ညာဘက်တွင် ယင်း အမျိုးသား အသုံးပြုခဲ့သော အသုံးအဆောင် ပစ္စည်းများ နှင့် ဘယ်ဘက်တွင် လက်နက်များ ထည့်သွင်း သင်္ဂြိုဟ် ထားသည်ကို ရှေးဟောင်း သုတေသန ပညာရှင် များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းလက်နက် ပစ္စည်းများကို အဖိုးတန် သတ္တုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အသုံးအဆောင် ပစ္စည်းများမှာ ရွှေလက်စွပ်များ၊ ရွှေနှင့် ငွေခွက်များ၊ ဆင်စွယ် တစ်ချောင်းနှင့် အဖိုးတန် ကျောက်များဖြင့် ပြုလုပ်ထားသည့် ပုတီးစေ့ ၁ဝဝဝ ကျော်တို့ ဖြစ်သည်။

ထို့ပြင် ယင်းပစ္စည်း များသည် အဆိုပါ အမျိုးသား၏ ပိုင်ဆိုင်မှုနှင့် ကြွယ်ဝချမ်းသာမှု တို့ကို ညွှန်းဆိုခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

အဆိုပါ အမျိုးသားသည် အသက်ရှင်စဉ် အချိန်က စွမ်းရည် ပြည့်ဝသော စစ်သည်တစ်ဦး သို့မဟုတ် ဘုရင်တစ်ပါး ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ၄င်းသည် အသက် ၃ဝ နှင့် ၃၅ ကြားတွင် သေဆုံးသွားခြင်း ဖြစ်သော်လည်း ကြေးခေတ် ယဉ်ကျေးမှုကို ရှာဖွေ စူးစမ်းမှုများ ပြုလုပ်နေသည့် ယခုခေတ် ပညာရှင်များ၏ ဆန္ဒကို ဖြည့်ဆည်းပေး နိုင်ကြောင်း စင်စင်နတီ တက္ကသိုလ် မဂ္ဂဇင်းက ၄င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။

အနက် ၅ ပေ၊ အကျယ် ၄ ပေနှင့် အရှည် ၈ ပေရှိသည့် အဆိုပါ အုတ်ဂူကို ပညာရှင်များက အချိန်နှစ်ပတ်ခန့် ယူကာ တူးဖော်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ဂရိရာဇဝင် ထဲတွင်ပါဝင် ခဲ့သည့် နက်စ်တာ နန်းတော်သည် ဘီစီ ၁၂ဝဝ ခန့်က မီးရှို့ဖျက်ဆီးခံ လိုက်ရခြင်း ဖြစ်ပြီး မကြာသေးမီ ကမှ ရှေးဟောင်း သုတေသန ပညာရှင် များက ပြန်လည်ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ယင်း နန်းတော်သည် ဂရိနိုင်ငံ၏ ကြေးခေတ်လက်ရာ များကို အကောင်းဆုံး ပြသနိုင်သည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၁)

#Themyawadydaily

No comments:

Post a Comment