Pages

Thursday, October 29, 2015

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား


သီတင်းကျွတ်လပြည့် ( အဘိဓမ္မာ အခါတော်နေ့) တွင် မန္တလေးမြိုက မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ၌ ဘုရားဖူးလာ ပြည်သူများ စည်ကားလျက် ရှိသည်ကို တွေ့ရစဉ်


မန္တလေး ၊ ၂၉-၁၀-၂၀၁၅

ယမန်နေ့သည် သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည်နှင့် အညီ ဗုဒ္ဓ ဘာသာဝင်တို့၏ ထူးမြတ်သည့် နေ့ထူးနေ့မြတ် အခါသမယ နေ့တစ်နေ့ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင် နုစဉ်က မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီနတ်သား အား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလ ဟောကြား တော်မူပြီး မဟာ သက္ကရာဇ် ၁ဝ၉ ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ကြွဆင်း တော်မူသည့်နေ့ ဖြစ်သည်။

သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဗုဒ္ဓမြတ်စွာ ဘုရားအား ပူဇော်သည့် အနေဖြင့် မန္တလေးမြို့ အတွင်းရှိ တန်ခိုးကြီး ဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ ဘုရားကျောင်းကန် စေတီပုထိုး များ၌ ကုသိုလ်ပြုကြ သူများဖြင့် အထူး စည်ကားလျက် ရှိသည်။

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီးတွင် ဘုရားဖူးလာ ပြည်သူများက ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူခြင်း၊ ဖယောင်းဆီမီး ပူဇော်ခြင်း၊ ဆွမ်းတော်ကြီး တင်လှူခြင်းနှင့် ဝတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဖတ် ပူဇော်ခြင်းဖြင့် စည်ကားလျက် ရှိသည်။

ထို့ပြင် ရွှေကျီးမြင်ဘုရား၊ ဝါခင်းဘုရား၊ ဘုရားနီဘုရား၊ တဝဂူဘုရား၊ ချမ်းသာကြီး ချမ်းသာရဘုရား၊ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနှင့် အောင်တော်မူ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် ဘုရားတို့၌ ရွှေသင်္ကန်း ကပ်လှူ  ပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ခြင်း၊ မြို့နယ်များမှ ရပ်ကွက်ဓမ္မာရုံ အသီးသီး တို့တွင် ပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်ကြ သူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုကြ သူများဖြင့် စည်ကား လျက်ရှိသည်။

အလားတူ မန္တလေး တောင်တော် ဆုတောင်းပြည့် ဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ မဟာမုနိ ဘုရားကြီး၊ အောင်တော်မူ ဆုတောင်းပြည့် ဘုရား၊ ရွှေကျီးမြင် ဘုရား အပြင် မန္တလေး ချမ်းအေးသာစံ မြို့နယ်ရှိ သမိုင်းဝင် ဆုတောင်းပြည့် ချမ်းသာရ မြတ်စွာဘုရား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ ရွှေထီးတော် တင်လှူခြင်းနှင့် (၂၁)ကြိမ်မြောက် ချမ်းသာရ ဘုရား ဆွမ်း ၉ဝဝဝ၊ ရေတော် ၉ဝဝဝ၊ ပန်း ၉ဝဝဝ၊ ဆီမီး ၉ဝဝဝ၊ သစ်သီး ၉ဝဝဝ ကပ်လှူ ပူဇော်ပွဲများသို့ လာရောက် ကြည်ညိုပူဇော် သူများဖြင့် စည်ကားလျက် ရှိသည်။

ထို့ပြင် မန္တလေးနန်းမြို့ရှိ ရပ်ကွက်များ၊ လမ်းများ၌လည်း ဖယောင်းမီးများ၊ အလှဆင် မီးများ ထွန်းညှိကာ လမ်းအလိုက် နိဗ္ဗာန်ဈေးများ စည်ကားစွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

တင်မောင်

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment