Pages

Monday, October 5, 2015

အလုပ်မှရပ်စဲခြင်း ခံရသောသူများ အတွက် အလုပ်အကိုင်သစ်များကို အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် က ရှာဖွေချိတ်ဆက်ပေးလျက်ရှိ


ရန်ကုန် ၊ ၅-၁၀-၂၀၁၅

အလုပ်မှ ရပ်စဲခြင်း ခံရသည့် အလုပ်သမားများ အတွက် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က အလုပ်အကိုင် အသစ်များ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် စီးပွားရေး လုပ်ငန်းများ၊ အလုပ်ရုံ၊ စက်ရုံလုပ်ငန်း ပိုင်ရှင်များနှင့် ချိတ်ဆက်ကာ အလုပ်အကိုင် သစ်များ ရှာဖွေချိတ်ဆက် ဆောင်ရွက်ပေး နေသဖြင့် အလုပ်မှရပ်စဲ ခံရသူ အလုပ်သမားများ အနေဖြင့် အမြန်ဆုံး ဆက်သွယ် ဆောင်ရွက်နိုင် ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ၏ သတင်း အချက်အလက်များ အရ သိရသည်။

အနည်းဆုံး လုပ်အားခ လစာများ သတ်မှတ်ခဲ့ပြီး နောက်ပိုင်း ကာလများတွင် အလုပ်သမားများ အလုပ်မှရပ်စဲမှု ရှိလာခဲ့သောကြောင့် အဆိုပါ အလုပ်မှ ရပ်စဲခံခဲ့ရသည့် အလုပ်သမားများ အနေဖြင့် အလုပ်အကိုင် သစ်များ ထပ်မံ လုပ်ကိုင်နိုင်ရန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က စီစဉ် ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။

ထို့ကြောင့် အလုပ်မှ ရပ်စဲခံခဲ့ရသည့် အလုပ်သမားများ အနေဖြင့် မိသားစု စားဝတ်နေရေး ပြေလည်စေရန်နှင့် အလုပ်အကိုင် သစ်များ ပြန်လည် လုပ်ကိုင်ဆောင်ရွက် နိုင်ရန်အတွက် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ၊ နံ့သာကုန်း ရပ်ကွက် ၊ နံ့သာမြိုင်လမ်းရှိ မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ရုံးသို့ အမြန်ဆုံး လာရောက် ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရသည်။

အလုပ်သမားများ၏ တစ်နေ့ လုပ်အားခကို အနည်းဆုံးငွေကျပ် ၃၆၀၀ သတ်မှတ်ပြီး နောက်ပိုင်း ရန်ကုန်တိုင်း ဒေသကြီးတွင် အလုပ်သမားဦးရေ ၈ဝဝဝ ကျော်မှာ အကြောင်း အမျိုးမျိုးကြောင့် လက်ရှိ လုပ်ကိုင် ဆောင်ရွက် နေသည့် အလုပ်များမှ ရပ်စဲခံခဲ့ကြရပြီး မန္တလေးတိုင်း ဒေသကြီးတွင် အလုပ်သမားဦးရေ ၁ဝဝဝ ကျော်အလုပ်မှ ရပ်စဲခံခဲ့ ရကြောင်းလည်း သိရသည်။

အဆိုပါ အလုပ်မှ ရပ်စဲခံခဲ့ရသည့် အလုပ်သမား အရေအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အလုပ်သမား ဦးရေ ၁ဝဝဝဝ ခန့် ရှိနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ရုံး၏ သတင်းအချက် အလက်များ အရ သိရသည်။

အဆိုပါ အလုပ်မှရပ်စဲခြင်း ခံခဲ့ရသည့် အလုပ်သမားများ အတွက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က လုပ်ငန်းအချို့နှင့် ညှိနှိုင်း စေ့စပ်ကာ အလုပ်အကိုင် သစ်များ ရှာဖွေထားခဲ့ သော်လည်း အလုပ်မှရပ်စဲ ခံခဲ့ရသည့် အလုပ်သမားများ အနေဖြင့် လာရောက် ဆက်သွယ်မှု နည်းပါး နေကြောင်း သိရသည်။

အလုပ်သမား တစ်ဦးအတွက် အလုပ်ချိန် တစ်နေ့ ရှစ်နာရီနှင့် တစ်ရက် လုပ်အားခ အနည်းဆုံး ငွေကျပ် ၃၆ဝဝ သတ်မှတ်ပြီး နောက်ပိုင်း စက်ရုံအလုပ်ရုံ အချို့တွင် ၄င်းတို့၏ အကြောင်းပြချက် များဖြင့် လုပ်ငန်း ကျွမ်းကျင်မှု မရှိသည့် အလုပ်သမားများနှင့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင် များကို အလုပ်မှ ရပ်စဲမှုများ ပြုလုပ် လာခဲ့ကြသည်။

ထိုကဲ့သို့ အလုပ်သမားများ ကို အလုပ်မှ ရပ်စဲရာတွင် ဥပဒေနှင့် အညီ လုပ်ကိုင် ဆောင်ရွက်မှု မရှိခဲ့လျှင် အရေးယူ နိုင်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment