Pages

Monday, October 5, 2015

ဆန်၏ ဆေးအသုံးဝင်ပုံ


ဆန်၏ ဆေးအသုံးဝင်ပုံ

ကြည်မြင့်လွင် (မုဒြာ)

ဆန်ကို နေ့စဉ်စားသုံး စရာ အာဟာရ အဖြစ်သာ မြင်ကြသည်။ ဆေးအဖြစ်လည်း အသုံးဝင် သည်ကို သိသူ နည်းသည်။ 

စာရေးသူ ငယ်စဉ် ကျောင်းနေစ ခြောက်နှစ်သား အရွယ်က ကျောင်းဆင်းချိန်တွင် ဆော့ကစား ကြရင်း ကလေးချင်း ရန်ဖြစ်ကြသည်။ ကလေးငယ် တစ်ဦးက စာရေးသူ၏ လက်ကိုဆွဲပြီး ကိုက်လိုက်သည်။ လက်မောင်းတွင် ထိုကလေးငယ်၏ သွားရာ အကွင်းလိုက် ပေါ်လာသည်။ အိမ်ပြန်ရောက် သောအခါ စာရေးသူ၏ မိခင်က ဆန်အိုးထဲမှ ဆန်လက်တစ်ဆုပ် ယူပြီး ပါးစပ်ဖြင့် ဝါးသည်။ ညက်သွားသော အခါ ထိုဆန်မှုန့်ကို လက်မှဒဏ်ရာ (သွားကိုက်ရာ) ပေါ်တွင် အုံပေးသည်။ ဝါးထားသော ဆန်သည် အနာတွင် ကပ်နေသည်။ နောက်တစ်နေ့ နံနက်အိပ်ရာ ထသောအခါ ထိုသွားကိုက်ရာ မရှိတော့ ပကတိ ပျောက်ကင်း နေသည်ကို တွေ့ရသည်။

ဆန်သည် အအေးဓာတ် ဖြစ်သည်။ ဒဏ်ရာ၊ အပူကန်နာ၊ ရောင်တင်းသော အနာ၊ အကောင် ကိုက်သောသွားရာ၊ ပင့်ကူလျှပ်သော အနာများ ပေါ်တွင် ဆန်ကိုဝါးပြီး အုံပေးလျှင် ပျောက်ကင်း နိုင်သည်။ အနာပြည်ကိုက်ပြီး အမြစ်မထွက် လျှင်လည်း ဆန်ကို အုံပေးလျှင် အမြစ်ထွက် လာနိုင်သည်။ အကိုက်ကိုလည်း သက်သာ စေနိုင်သည်။

ဆန်မှရရှိနိုင်သော ဆေးဖက်ဝင်အရာများမှာ

ဆန်ဆေးရည် ။ ။ ဆန်ကို ရေသုံးထပ် ဆေးရသည်။ ဆေးဖက်ဝင် အသုံးပြုရန် အတွက် နောက်ဆုံး ဆေးသော ဆန်ဆေးရည် အကြည်ရည်ကို ယူရသည်။ ဆန်ဆေးရည်ကို တစ်ဖန်ခွက် သောက်ပေးလျှင် ဝမ်းတွင်းအေးပြီး အူတွင်း စက်တန့်နာ၊ အူရောင်ငန်းဖျားနာ တို့ကို ပျောက်ကင်း စေနိုင်သည်။ ဆန်ဆေးရည်ကြည် တစ်ဖန်ခွက်ကို နေ့စဉ် သောက်သုံးလျှင် သည်းခြေရောဂါ များကို သက်သာ စေသည်။ အပူကို ငြိမ်းစေသည်။ ဝမ်းအပူ သွားခြင်း၊ ဆီးအပူ သွားခြင်းတို့ကို ကောင်းစွာ သက်သာ စေနိုင်သည်။

မီးယပ်ဖြူဆင်း ရောဂါဖြစ်လျှင် မီးကွင်းဂမုန်း အရွက်ကို အရည်ညှစ်ယူပြီး ဆန်ဆေးရည်နှင့် စပ်၍သောက်လျှင် ပျောက်ကင်း နိုင်သည်။ မီးယပ်သွေး ဆင်းလွန်သော ရောဂါတွင် ရှားစောင်း လက်ပပ်အနှစ်ကို ယူ၍ ဆန်ဆေးရည်တွင် စိမ်ထားပြီး စားပေးလျှင် သွေးရပ်စေသည်။

ဆန်လှော် ။ ။ ဆန်ကို ဒယ်အိုးဖြင့် အနည်းငယ် နီရဲအောင် လှော်ပြီးမှ ကြက်သွန်နီကို ဆီသတ်ပြီး ဆန်ပြုတ် ပြုတ်သောက်လျှင် အစာအိမ်ရောင် ရောဂါကို သက်သာစေသည်။ ဆန်လှော်သည် အစာကို ကြေစေသည်။ ရေငတ် အပူဝမ်းလျှော ရောဂါများကို သက်သာ စေသည်။ ငါးရံ့ဆန်လှော် ဟင်းချက်စားလျှင် လူမမာကို အမြန် နာလန်ထ စေသည်။ ဆန်လှော်သည် အစာအိမ် အချဉ်ပြန် ရောဂါကို သက်သာ စေနိုင်သည်။ ဆန်ပြုတ် ပြုလုပ်၍ ဆားခတ် သောက်လျှင် သက်သာ စေနိုင်သည်။

ထမင်းရည် ။ ။ ဆန်ကို ထမင်းချက် သောအခါ ထမင်းရည် ငှဲ့ချက်လျှင် ပို၍ကောင်းသည်။ ထမင်းရည် သောက်ခြင်းဖြင့် လေနာရောဂါ ကင်းစင် စေနိုင်သည်။ အာဟာရလည်း ဖြစ်သည်။ ပိုလျှံအစာ အဖြစ် ကလေးငယ်များ၊ အိမ်မွေး တိရစ္ဆာန်များကို ကျွေးမွေး နိုင်သည်။ ထမင်းရည်တွင် ဂုဏ်ရှစ်ပါး ရှိသည်ဟု ဆိုသည်။ (ဥတုဘောဇန သင်္ဂဟကျမ်း) ထမင်းရည်သည် အစာကို များစွာ စားနိုင်၏။ ဆီးကို ရွှင်စေ၏။ အသက်ကို ရှည်စေ တတ်၏။ သွေးကို ပွားစေတတ်၏။ အဖျားကို နိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကိုဖြစ်စေ၏။ သလိပ်သည်းခြေ နိုင်၏။ ထို့ပြင် ထမင်းရည်ကို ပိတ်ချင်းမှုန့်၊ သင်္ဘောချင်း ခြောက်မှုန့် ခတ်သောက်လျှင် လေကို လည်စေတတ်၏။ အစာကို ကြေစေတတ်၏ ဟု ဖော်ပြ ထားသည်ကို လေ့လာ တွေ့ရှိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment