Pages

Wednesday, October 7, 2015

ပုဂံ- ညောင်ဦး ဒေသတွင် မြန်မာ့လက်မှု ပုသိမ်ထီးများကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစားလေ့လာ



ညောင်ဦး ၊ ၇-၁၀-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သည် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံ ပြည်သူများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး များကို လုပ်ကိုင်ကြ သကဲ့သို့ မိမိတို့ တတ်ကျွမ်းသော လက်မှုပညာများ ဖြစ်သော တောင်ယာသုံး ပစ္စည်းများ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများကို ပြုလုပ်ရောင်းချ သောကြောင့် ခရီးသွား များသည် ပုဂံ- ညောင်ဦး ဒေသကို လာရောက် လေ့လာကြသည့် အခါ လက်မှုပညာ တစ်ခုဖြစ်သော ပုသိမ်ထီး အလှဆင် ရောင်းချနေသော ဆိုင်ကို စိတ်ဝင်တစား လေ့လာကြသည်။

''ကျွန်တော်တို့ ပုဂံ- ညောင်ဦး ဒေသဟာ ရှေးဟောင်း အမွေအနှစ် များစွာ တည်ရှိတဲ့ မြို့နယ်ဖြစ်လို့ နေ့စဉ် ဘုရားဖူး ခရီးသွား ပြည်သူတွေ၊ နိုင်ငံခြားသား ခရီးသွားတွေ က ပုဂံ- ညောင်ဦး ဒေသကို လာရောက် လေ့လာကြ ပါတယ်။ လာရောက်တဲ့ အခါ ဒေသထွက် ပစ္စည်း တွေကို ဝယ်ယူလေ့လာ တတ်ကြ ပါတယ်။ အဲဒီထဲကမှ ကျွန်တော် ရောင်းချနေတဲ့ ပုသိမ်ထီး တွေကိုလဲ လာရောက် လေ့လာကြသူ များပါတယ်။ ပုသိမ်ထီး ပြုလုပ်တဲ့ အခါ အဓိက ပစ္စည်းက (သလက်ကူ) အမျိုးအစား ဝါးကိုသာ ပုသိမ်ထီး ပြုလုပ်လို့ ရတာပါ။ ဒါကြောင့် ဒီလို ရောင်းတမ်းဝင်တဲ့ ပုသိမ်ထီးတွေ ကို ပုသိမ်မြို့နယ်မှာ ရှိတဲ့ ပုသိမ်ထီး လုပ်ငန်းရှင် တွေက တင်ပို့ပေး တာဖြစ်ပါတယ်။ 

ထီးအမျိုးအစား အနေနဲ့ မြန်မာအခေါ် ဆီထီးလို့ ခေါ်ပါတယ်။ အရိပ်ရထီး လို့လဲ ခေါ်ပါတယ်။ အများအခေါ် အိမ်တော်ရာထီး၊ ပုသိမ်ထီး ဖြစ်ပါတယ်။ တင်ပို့ရောင်းချမှု အနေ နဲ့ ဒီဒေသက ဧရာဝတီကမ်းခြေ နဲ့ နီးသလို ဟိုတယ်ဇုန် တွေက အလှဆင် ထားတဲ့ ပုသိမ်ထီးတွေကို လာရောက် ဝယ်ယူသူတွေ များပါတယ်။ ပုဂံ- ညောင်ဦး ဒေသရှိ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ ဆိုရင် ပုသိမ်ထီး မရှိတဲ့ဆိုင် နည်းပါတယ်။ ရောင်းဈေးအနေနဲ့ ပုသိမ်ထီး အသေး၊ အကြီး တစ်လက် ကို ငွေကျပ် ၃ဝဝဝ ကနေ ၇ဝဝဝဝ ထိရှိပြီး နှစ်စဉ် မတ်လကနေ အောက်တိုဘာ လပိုင်းဆိုရင် ဘုရားဖူး ဧည့်သည်တွေ၊ နိုင်ငံခြားသားတွေ အများဆုံး လာရောက် လေ့လာ ကြတော့ ရောင်းအား ကောင်းပါတယ်။ အခုလ ဒေါ်လာဈေးက တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၂ဝဝ ကျော်ရှိလို့ ကျွန်တော်တို့လို မြန်မာ့ရိုးရာ ပစ္စည်းဆိုင်တွေဟာ အရောင်းအဝယ် အေးပါတယ်'' ဟု ပုသိမ်ထီး အရောင်းဆိုင်ရှင် ထံမှ သိရသည်။ 

ကျော်ကျော် (မလှိုင်)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanarpondaily

No comments:

Post a Comment