Pages

Wednesday, October 7, 2015

မိုးအနှောင်း ဆောင်းအစ သတိပြုကြ


မိုးအနှောင်း ဆောင်းအစ သတိပြုကြ

ကြည်မြင့်လွင် (မုဒြာ)

ဥတုသုံးပါးကို ခြုံ၍သုံးသပ်လျှင် နွေသည်ပူ၏။ ဆောင်းသည် အေး၏။ မိုးသည် အပူအအေး ရောသောဥတု ဖြစ်၏။ မျှ၏။ မိုးနှောင်း ဆောင်ဦး ကာလသည် ဥတုသန္ဓိ (ဥတုအစပ်) ဖြစ်၍ လူတို့၌ ရောဂါအဖြစ်များ တတ်၏။ ဗုဒ္ဓစာပေ တို့၌ ထိုအခါကို သရဒအခါ ဟု ခေါ်သည်။ ထိုအခါ၌ ရသော ရောဂါကိုလည်း သရဒရောဂါ ဟု ခေါ်သည်။ ဗဟိဒ္ဓ လောကဓာတ် တစ်ခုလုံး၌ အာပေါဓာတ် ဖုံးလွှမ်း နေသဖြင့် လူတို့၏ သဏ္ဌာန်၌ သည်းခြေအုပ်စု ငုပ်လျှိုးပွားစည်း၍ ဖြစ်သောရောဂါ ဟု ဆိုသည်။ ထိုရောဂါကြောင့် ဘုရားနှင့် တကွ ရဟန်းတော် တို့သည် စားသောက်သမျှ ဆွမ်းယာဂု အာဟာရ တို့ အန်၍ထွက်ကျ ရကုန်၏။ သည်းခြေ ငုပ်သော သဘောပင် ဖြစ်သည်။ (အရှင် နာဂသေန၊ ဆေးပညာ ဥပဒေသကျမ်းမှ)

မြန်မာ့ရိုးရာ ဆေးပညာ သဘောအရ ယခု ရောက်ရှိနေသော ရာသီသည် ပွင့်လင်းသော ရာသီမဟုတ် အပိတ် ၊ အဖွဲ့များသော ရာသီဖြစ်သည်။ သည်းခြေငုပ်သော ရာသီဖြစ်သဖြင့် အစာမကြေသော ရာသီဖြစ်သည်။အနာအဖျား ဖြစ်လျှင် ငုပ်နေပြီး ရက်ကြာ တတ်သည့် သဘောဖြစ်သည်။

အစားအသောက်ကို တဝစားခြင်း၊ အလွန်အကြူး စားသောက်ခြင်း မပြုအပ်သော ရာသီဖြစ်သည်။ ပူစပ်ချဉ် အရသာ သုံးမျိုးတွဲသည့် အစာများ မသင့်ပေ။ နို့ချဉ်၊ ဒိန်ချဉ်၊ လက်လုပ်ချဉ်များ စားလျှင် အစာမကြေ ဝမ်းပျက်၊ ဝမ်းကိုက် ဖြစ်တတ်သည်။ အေးစက်သော အစာ၊ ချဉ်သောအစာကို ရှောင်သင့်သည်။ ဖျားနာတတ်သည်။ သည်းခြေငုပ်ပွား၊ အဖွဲ့များသည့် မိုးဖျား ဆောင်းဦးကာလ ထူး၌ စားကြူးမမင်၊ ပူစပ်ချဉ်နှင့် နို့ချဉ်အငန် ရှောင်အပ်မှန်၏။ ဟေမာန် နေ့ဘက် မောဟတက်၍ အိပ်စက်မူငြား ရောဂါပွားမည်။ ရှောင်ရှား သတိတမန် တည်းဟု လင်္ကာလည်း ရှိသည်။

နွေရာသီတွင် ထမင်းစားပြီး နေ့လယ် အိပ်စက်ခြင်းကို အပြစ်ဟု မသတ်မှတ်ပေ။ လူကြီးများ အလုပ်ပင်ပန်း ပါက နေ့လယ်ချိန်တွင် အနားယူ အိပ်စက်ခြင်းကို နာရီဝက်၊ တစ်နာရီ ပြုလုပ်သင့်သည်။ အင်အားကို ပြန်လည်ပြည့်ဖြိုး စေသည်ဟု ဆိုသည်။ မိုးအကုန် ဆောင်းအကူး နှင့် ဆောင်းဥတု ရာသီများ တွင်ကား နေ့လယ်ချိန် အိပ်စက်ခြင်းကို မပြုသင့်ဟု ဆိုသည်။ သည်းခြေ ငုပ်လျှိုးသည့် ရာသီဖြစ်သဖြင့် အစာမကြေ ဖြစ်တတ်သည်။ ခြေဖျား၊ လက်ဖျား အေးပြီး ဖျားနာတတ်သည်။ ရင်ကျပ်ပန်းနာ ရောဂါရှိသူများ၊ နှာစေးနှာပိတ် ရောဂါနှင့် ထိပ်ကပ်နာ ရောဂါရှိသည့် သူများသည် မိုးအနှောင်း ဆောင်းအစ ရာသီအကူးတွင် ရောဂါ ထတတ်သည်။ စေးသော၊ အစာကြေ ခဲသော၊ အဖွဲ့များသော အစာများကို စားသုံးခြင်း မသင့်ပေ။ နေ့လယ်စာ စားပြီး အိပ်စက်လျှင် ပို၍ပင် ရောဂါ တိုးတတ်သည်။

အစာစားပြီး အိပ်သည့် အလေ့အကျင့် ရှိသူများသည် နေ့လယ်စာကို အဝမစား၊ အလွန်အကြူး မစားဘဲ လျှော့စားပြီး အိပ်ချင်စိတ် ဖြစ်လျှင် လမ်းလျှောက်ခြင်း၊ စိတ်ဝင်စားစရာ အလုပ်တစ်ခုခု လုပ်ခြင်း၊ အဖော်များနှင့် စကားပြောခြင်း ဖြင့် အိပ်ချင်စိတ်ကို ဖြေဖျောက်သင့်သည်။

No comments:

Post a Comment