Pages

Thursday, October 8, 2015

ပြိုင်ဘက်အားလုံးကိုစိန်ခေါ်မည့် တိုယိုတာက မောင်းသူမဲ့ကားကို ၂ဝ၂ဝ ပြည့်နှစ်တွင် ရောင်းချမည်



ငြိမ်းချမ်း

တိုယိုတာကုမ္ပဏီသည် မောင်းသူမဲ့ကား ထုတ်လုပ်သည့် ဂူးဂဲလ်ကုမ္ပဏီ အပါအဝင် အခြားပြိုင်ဘက် ကားထုတ်လုပ်ရေး ကုမ္ပဏီများကို စိန်ခေါ်မှုတစ်ရပ် အနေဖြင့် မောင်းသူမဲ့ ကားများကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်ရောင်းချ ပေးတော့မည် ဖြစ်သည်။

တိုယိုတာကုမ္ပဏီသည် အာရုံခံ ကိရိယာများ တပ်ဆင်ထားသော ကားတစ်စီး အတွင်း ယာဉ်မောင်းသူနှင့် ကွန်ပျူတာ စနစ်တို့ အကြား ပူးပေါင်း လုပ်ဆောင်မှုကို ရည်ညွှန်းသည့် အနေဖြင့် Mobility Teamate Concept ဟု အမည်ပေးထားသော ပြပွဲတစ်ခုကို မကြာသေးမီ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ပြပွဲတွင် Lexus ကားတစ်စီး သည် ၄င်းကိုယ် ၄င်းထိန်းချုပ်ကာ တစ်နာရီလျှင် ၃၇ မိုင်နှုန်းဖြင့် ၁ဝ မိနစ်ခန့် မောင်းနှင်ခဲ့ပြီး လမ်းကြောင်း ပြောင်းခြင်း၊ ရပ်တန့်ခြင်းနှင့် စတီယာရင် အား ထိန်းချုပ်ခြင်း တို့ကို လုပ်ဆောင်ပြ နိုင်ခဲ့သည်။ ကားအတွင်း လိုက်ပါလာသူ အနေဖြင့် စက်နှိုးရန် ခလုတ်နှိပ်ရုံမှ အပ မည်သည့် လုပ်ဆောင်ချက် များကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

အဆိုပါ နည်းပညာနှင့် ပတ်သက်၍ တိုယိုတာ ကုမ္ပဏီသည် ၁၉၉ဝ ပြည့်နှစ် များမှစ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းကဲ့သို့ မောင်းသူမဲ့ ကားသည် အန္တရာယ် များကြောင်း၊ အဆိုပါ စိတ်ကူးသည် အမှန်တကယ် မဖြစ်နိုင်ကြောင်း အစရှိသည့် ကန့်ကွက်ချက် များဖြင့် ရင်ဆိုင်ခဲ့ရ သော်လည်း ယခုအခါ ၄င်းစိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါကားကို သက်ကြီးရွယ်အို များနှင့် မသန်စွမ်း သူများ အပါအဝင် အားလုံးအသုံးပြု နိုင်စေရန် ထုတ်လုပ်မှုသည် ၄င်းတို့၏ ရည်ရွယ်ချက် ဖြစ်ကြောင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး နည်းပညာဆိုင်ရာ အရာရှိချုပ် မိုရီတာကာယိုရှီဒါ က ပြောကြား ထားသည်။ 

သို့သော် လက်ရှိထုတ်လုပ် ထားသည့် အခြေအနေသည် လူသူလေးပါး ရှုပ်ထွေးသော လမ်းမများ ပေါ်တွင် မောင်းနှင်နိုင်ဦးမည် မဟုတ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ထားသည်။

လက်ရှိတွင် အဆိုပါကားကို နည်းပညာ အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက် ရှိပြီး ကားမောင်းသူတိုင်း အတွက် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည့် ကားပါကင် ထိုးခြင်းကို အလိုအလျောက် လုပ်ဆောင် နိုင်သည်အထိ အာရုံခံကိရိယာ များကို ထပ်မံ တပ်ဆင်လျက် ရှိသည်။

တိုယိုတာ ကုမ္ပဏီသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် တိုကျို အိုလံပစ် အားကစားပွဲတော် နှင့်အတူ အဆိုပါ မောင်းသူမဲ့ ကားများကို ရောင်းချ သွားမည်ဟု ကြေညာ ထားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

#Themyawadydaily

No comments:

Post a Comment