Pages

Monday, October 26, 2015

အာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC)အတွက် မြန်မာနိုင်ငံ အနေဖြင့် ပြင်ဆင်ထားမှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး



ရန်ကုန် ၊ ၂၆-၁၀-၂၀၁၅

ယခုနှစ် နှစ်ကုန်လျှင် စတင်တော့မည် ဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက် မြန်မာနိုင်ငံ အနေဖြင့် ပြင်ဆင် ထားမှုသည် ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း စီးပွားရေး အသိုင်းအဝိုင်း မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် AEC အတွက် အကောက်ခွန် လျှော့ချမှုသည် ၉၄ ရာခိုင်နှုန်း အထိ ပြီးစီး နေပြီဖြစ်ရာ တခြားဝန်ကြီး ဌာနများ အနေဖြင့်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာ ရေးအတွက် ပြင်ဆင်မှုမှာ အများစု ပြီးစီးနေပြီ ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ဒေသတွင်း နိုင်ငံများအကြား ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှု များနှင့် ကျွမ်းကျင် လုပ်သားများ အကောက်ခွန် အတားအဆီးမဲ့ လွတ်လပ်စွာ ဝင်ရောက်လာမည် ဖြစ်ပြီး အကောက်ခွန် မဟုတ်သော အတားအဆီး အနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်သည်။

AEC ဖြစ်ပေါ်လာပါက ပြည်ပမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အရင်းအနှီး များမှအစ ကျွမ်းကျင်လုပ်သား များပါ အချင်းချင်းကြား ဝင်ရောက် လာတော့မည် ဖြစ်ရာ ပြည်တွင်း လုပ်ငန်းများနှင့် ပြည်တွင်း ထုတ်ကုန်များ အနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အရေးကြီးကြောင်း၊ လက်ရှိတွင် ပြည်တွင်းရှိ အများဆုံးသော လုပ်ငန်းများ ဖြစ်သည့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများသည် ယှဉ်ပြိုင်နိုင်ရန်ခက်ခဲမည် ဖြစ်ကြောင်း၊ ထို့အတူ ပြည်တွင်းမှ ထုတ်ကုန်များသည် ဈေးနှုန်း အရည်အသွေး မှအစ ဒေသတွင်း နိုင်ငံများမှ ဝင်လာမည့် ကုန်ပစ္စည်း များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုကြောင်း၊ ပြည်တွင်း ထုတ်ကုန် တင်ပို့မှုများမလာဘဲ AEC နှင့်ထပ်တူ ပြည်ပမှ သွင်းကုန်သာ များလာပါက ကုန်သွယ်ရေး လိုငွေပြမှုကို ပို၍ဖြစ်စေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များ က ပြောသည်။

ဖွံ့ဖြိုးမှု နောက်ကျပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်မှု နောက်ကျသော နိုင်ငံများ ဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် စသည့်နိုင်ငံ တို့သည် ယခုနှစ်ကုန် AEC စတင်သည်နှင့်သတ်မှတ်ချက်များ အတိုင်း အတားအဆီး မရှိ လျှော့ချရမည် မဟုတ်ဘဲ ၂ဝ၁၈ ခုနှစ်အထိ အချိန်ယူ၍ တဖြည်းဖြည်း လျှော့ချခွင့် ရရှိထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment