Pages

Friday, September 4, 2015

လာမည့်နှစ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းအသစ်သည် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုကို အခြေခံထား



ရန်ကုန် ၊ ၄-၉-၂၀၁၅

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုကို အခြေခံသည့် သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း နှင့် ပြဋ္ဌာန်း စာအုပ်များ ကော်မတီမှ သိရသည်။

အဆိုပါ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုမှာ သင်ယူဖွံ့ဖြိုးမှု နယ်ပယ်၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု နယ်ပယ်၊ အပြန်အလှန် ပြောဆို ဆက်သွယ်ခြင်း၊ သင်္ချာအခြေခံ များကို စူးစမ်း လေ့လာခြင်း၊ အနုရသ ခံစားမှုနှင့် ဖန်တီးခြင်း နယ်ပယ်နှင့် ပတ်ဝန်းကျင် လောကကို သိရှိနားလည်ခြင်း စသည်တို့ကို အခြေခံ ထားခြင်း ဖြစ်ကြောင်း၊ ယင်း သင်ရိုးညွှန်းတမ်း များကို မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း နှင့် ပြဋ္ဌာန်းစာအုပ်များ ကော်မတီမှ ရေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။ 

''သင်ရိုးညွှန်းတမ်း တွေရေးဆွဲတဲ့ အခါမှာလည်း သူငယ်တန်း အတွက် UNICEF ၊ မူလတန်းအတွက် JICA ၊ အလယ်တန်းနဲ့ အထက်တန်း အတွက်ကို ADB တို့က ကူညီပြီး ရေးဆွဲပေး ထားကြ ပါတယ်။ နိုင်ငံတကာက အကြံပေး ပညာရှင်တွေ ကလည်း ပါဝင်ကူညီ ထားပါတယ်'' ဟု မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း နှင့် ပြဋ္ဌာန်းစာအုပ်များ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် သူငယ်တန်းကို ထူးခြားသည့် သင်ရိုးညွှန်းတမ်း အသစ်ဖြင့် ပြောင်းလဲ သင်ကြား ပေးသွားမည် ဖြစ်ပြီး လက်ရှိသင်ကြား နေသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ် များဖြင့် သင်ကြား ပေးခြင်းမျိုး မဟုတ်ဘဲ နယ်ပယ် ခြောက်ခု ရှိသည့်အနက် နယ်ပယ်များ ခွဲခြား၍ သင်ကြားပေး သွားမည် ဖြစ်ကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်း အသစ်မှာ ကလေးငယ် များအား ကစားရင်း၊ သီချင်းဆိုရင်း ဖြင့် ကျောင်းစာ များကို စိတ်ဝင်စား လာအောင် သင်ကြားမည့် သင်ရိုးညွှန်းတမ်း ဖြစ်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment