Pages

Friday, September 11, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံ သမ္မတ အား ဂါရ၀ပြု တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အစ္စရေးနိုင်ငံ သမ္မတ Mr. Reuven Rivlin အား ဂါရ၀ပြု တွေ့ဆုံ

နေပြည်တော် ၊ ၁၁-၉-၂၀၁၅

အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အစ္စရေး နိုင်ငံသမ္မတ Mr.Reuven Rivlin အား စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ဂျေရုစလင်မြို့ရှိ သမ္မတအိမ်တော် ၌ သွားရောက် ဂါရဝပြု တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ် မောင်မောင်အေး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် အစ္စရေး နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးအေးတို့ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော အစ္စရေး နိုင်ငံတော် သမ္မတ၏ ၇၆ နှစ်မြောက်မွေးနေ့ အတွက် ဆုမွန်ကောင်း တောင်းပြီး မွေးနေ့ဂုဏ်ပြု လက်ဆောင် ပန်းစည်းအား သမ္မတထံ ပေးအပ်သည်။

အစ္စရေးနိုင်ငံ သမ္မတက မွေးနေ့ ဂုဏ်ပြုပန်းစည်း ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး ဆက်လက်၍ မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံ အတွက် ယခင်ကတည်းက မိတ်ဆွေကောင်း နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ဆက်ဆံရေး၊ ပြည်သူများ ဆက်ဆံရေး၊ အစိုးရ၊ တပ်မတော် ဆက်ဆံရေးတို့ အကောင်းဆုံး ပြသနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်စဉ်အား အစ္စရေး အစိုးရနှင့် ပြည်သူလူထု ကိုယ်စား ဝမ်းနည်းကြောင်း ပြောကြား လိုကြောင်း၊ အစ္စရေးနိုင်ငံ အခက်အခဲများ ရှိစဉ်တွင် မြန်မာနိုင်ငံက ကူညီ ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွင် ယဉ်ကျေးမှု ဆိုင်ရာများကိုပါ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးစဉ် တည်ဆောက်မှု အတွက် အောင်မြင်စေရန် ဆုတောင်း နေကြောင်း၊ မကြာမီ ကာလသည် ရွေးကောက်ပွဲ ကာလ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် တည်ဆောက် ရာတွင် အခက်အခဲများကို သမ္မတကြီး ဦးစီးပြီး ခက်ခဲစွာ ရုန်းကန် ကျော်လွှားနေတာကို အသိအမှတ် ပြုပါကြောင်း၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အနေဖြင့် နိုင်ငံတော်ကို ဒီထက်မက ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု အလေးအနက် ယုံကြည် ထားကြောင်း၊ ၁၉၅ဝ ပြည့်နှစ်ကာလက အစ္စရေးနှင့် မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှု အခြေအနေသို့ ရောက်အောင် ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ တည်ရှိရေးနှင့် ဒေသတွင်း အခြေအနေ များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အသိအမှတ် ပြုမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း ဆွေးနွေး ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သမ္မတကြီး ဦးသိန်းစိန်က သမ္မတကြီးအား နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းလိုက် ပါကြောင်း၊ ၁၉၅ဝ ပြည့်နှစ်က ချစ်ကြည်မှုထက် ပိုမိုသော ချစ်ကြည်  ရင်းနှီးမှုကို အနာဂတ်တွင် ရရှိမည်ဟု ယုံကြည်ကြောင်း၊ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး နေဝင်း လာရောက်ခဲ့ပြီး နောက်ပိုင်း နိုင်ငံကိုယ်စားပြု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခရီးစဉ်သည် ယခုပထမဆုံး ဖြစ်ကြောင်း၊ ခရီးစဉ် တိုတောင်းသော်လည်း သမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်ရုံများအား လေ့လာခွင့် ရရှိခဲ့သည့် အတွက် အောင်မြင်သော ခရီးစဉ်တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ၌ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး အစိုးရ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲ ကာလ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပါတီစုံဒီမို ကရေစီ၏ အတွေ့အကြုံ ၅ နှစ်သာ ရှိပါသေးကြောင်း၊ ၁၉၆၂ ခုနှစ် မတိုင်မီက ပါလီမန် ဒီမိုကရေစီစနစ်နှင့် ဆောင်ရွက်ခဲ့ကြောင်း၊ အခက်အခဲများစွာ ရှိခဲ့ပြီး လက်ရှိပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်အောင် မိမိတို့က အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ရပ်တည်ချက်မှာ နိုင်ငံတိုင်းသည် မိမိတို့၏ အချုပ်အခြာ အာဏာကို ကာကွယ် ပိုင်ခွင့်ရှိသည်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပိုင်ခွင့် ရှိသည်၊ မိမိတို့နိုင်ငံ ရှင်သန်ရပ်တည်မှု အတွက် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟူသည့် အချက်သုံးချက် ဖြစ်ကြောင်း ပြောကြားသည်။

အစ္စရေးသမ္မတ က မြန်မာနိုင်ငံ၏ ဆန္ဒနှင့် သဘောထားကို အလေးထား ပါကြောင်း၊ မြန်မာ့ တပ်မတော်သည် နိုင်ငံအတွက် အရေးပါသော ကဏ္ဍမှာ ရှိနေသည်ဟု နားလည်ကြောင်း၊ အစ္စရေးတွင် လူတိုင်း စစ်မှုထမ်းဆောင် ရသည့် အတွက် နိုင်ငံကာကွယ်ရေး အတွက် အတွေ့အကြုံများ ရရှိကြောင်း၊ ဒီမိုကရေစီသည် ခေတ်စား နေသော်လည်း အဓိကမှာ ပြည်သူလူထု ကာကွယ်ရန် ဖြစ်ကြောင်း၊ ပြည်သူလူထု နားလည်အောင်၊ အတွေ့အကြုံ ရအောင် ဆောင်ရွက်ပြီး ဒီမိုကရေစီကို အကောင်းဆုံး တည်ဆောက်ရမည် ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ အနေနှင့် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း ပြောကြား ဆွေးနွေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတွေ့အကြုံနှင့် ပြောကြားမှုများကို ကျေးဇူး တင်ကြောင်း၊ မိမိတို့၏ စိတ်တွင် တိုင်းပြည် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန်၊ တပ်မတော် ကောင်းအောင်၊ တိုင်းပြည် ကောင်းအောင် ဆောင်ရွက်ရန်သာ ရှိကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးမည် ဆိုသည့် စိတ်ဓာတ်ကို လေ့ကျင့်ပြီး မွေးမြူ တည်ဆောက်ရကြောင်း၊ ရန်သူနိုင်ငံ ဟူ၍ မရှိသော်လည်း တပ်မတော် တိုင်းသည် မိမိတို့နိုင်ငံကို ကာကွယ်နိုင်ရန်အတွက် တည်ဆောက်နေရကြောင်း၊ မိမိတို့လည်း တပ်မတော်ကို စွမ်းရည်ရှိရန် ဆောင်ရွက်နေကြောင်း၊ နိုင်ငံ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ သဘာဝ ဘေးဒဏ်များ အပါအဝင် စိန်ခေါ်မှုများစွာကို ကျော်လွှားနိုင်ရန် ကြိုးစားနေကြောင်း၊ မြန်မာနိုင်ငံ ရေလွှမ်းမိုးမှု ဖြစ်စဉ်နှင့် ပက်သက်၍ အစ္စရေး အစိုးရနှင့် ပြည်သူများ ကိုယ်စား ဝမ်းနည်းကြောင်း ပြောကြား ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြား ဆွေးနွေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အစ္စရေးနိုင်ငံ သမ္မတ Mr. Reuven Rivlin ၏ ၇၆ နှစ်မြောက် မွေးနေ့အတွက်
 မွေးနေ့ဂုဏ်ပြုလက်ဆောင် ပန်းစည်းကို သမ္မတထံ ပေးအပ်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစ္စရေးနိုင်ငံ သမ္မတ Mr. Reuven Rivlin တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့သည်။

အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့ဟောင်း အား တွေ့ရစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံ ဂျေရုစလင် မြို့ဟောင်းသို့ မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment