Pages

Thursday, September 17, 2015

အင်းဝမြို့ဟောင်း ရှိ နန်းတော်အုတ်ခုံများအား ပြန်လည်တူးဖော်နေပြီး အတွင်းနန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်းကိုပါ ဆက်လက် တူးဖော်သွားမည်



တံတားဦး ၊ ၁၇-၉-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာ အနီး အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး အတွင်းရှိ အင်းဝနန်းတော် အုတ်ခုံများကို ပြန်လည် တူးဖော်မှုများ ဆောင်ရွက်လျက် ရှိပြီး အတွင်း နန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်း ကိုပါ ဆက်လက် တူးဖော် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အင်းဝ မြို့ဟောင်းတွင် မြို့ရိုးသုံးခု ရှိရာ ယခုအခါ အတွင်းပိုင်း နန်းမြို့ရိုးကို တူးဖော် နေခြင်းဖြစ်၍ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ မြို့ရိုးအမြင့်မှာ ၁၅ ပေ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ခန့်မှန်း
ထားသည်။ မြို့ရိုးရှိ အုတ်ချပ်များမှာ အမရပူရ ခေတ်ပြိုင် အုတ်ချပ်များ ဖြစ်နိုင်ပြီး မြို့ရိုးမှာ တောင်၊ မြောက် စုစုပေါင်း ပေ ၁၄၈ဝ ရှည်လျား၍ အရှေ့ အနောက်မှာ ပေ ၁၁ဝဝ ရှည်လျားသည်။ အဆိုပါ နန်းတော် အုတ်ခုံများ တူးဖော်ရာတွင် အချိန်နှစ်လခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် ဥတည်ကျေးရွာ အနီး စည်တိုပုံမြို့ရိုး အတွင်းဘက်ရှိ အတွင်းနန်းတော် မြို့ရိုးကို သြဂုတ်လလယ် ပိုင်းမှစတင်ကာ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် တောင်ဘက်ပိုင်း ရှိ မြို့ရိုးကို တူးဖော်လျက် ရှိကြောင်း သိရသည်။

အင်းဝမြို့ဟောင်း ၏ အတွင်းနန်းတော် မြို့ရိုး ပတ်ပတ်လည်ကို ပြန်လည်တူးဖော် သွားမည် ဖြစ်သဖြင့် တောင်ဘက်မြို့ရိုး ပြီးဆုံးပါက အရှေ့ဘက် မြို့ရိုးကို ဆက်လက် တူးဖော်မည် ဖြစ်ကြောင်း သိရသည်။

''ရှေးဟောင်း အမွေအနှစ် တွေကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ရှေးယခင် ကတည်းက ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပြီး ယဉ်ကျေးမှု အဆင့်အတန်းနဲ့ ဗိသုကာ
အတတ်ပညာ တွေ မြင့်မားခဲ့တယ် ဆိုတာကို ဒီအနုပညာ လက်ရာတွေနဲ့ သက်သေပြ ချင်လို့ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း လုပ်ငန်းတွေနဲ့ ပြန်လည် တူးဖော်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက် ကတည်းက တူးဖော်မှု လုပ်ငန်းတွေ စတင်ခဲ့ပြီး နန်းတော်အုတ်ခုံ ကို ရှေးမူမပျက် ပြန်လည် တူးဖော်မှုတွေ ဆောင်ရွက် နေပါတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment