Pages

Thursday, September 17, 2015

ရေပေါ်ရေအောက် ငါးပြတိုက်ကို ၂၀၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသနိုင်ရန် လုပ်ဆောင်နေ



ရန်ကုန် ၊ ၁၇-၉-၂၀၁၅

ရန်ကုန်မြို့ ကန်တော်ကြီး ပရိဝုဏ် အတွင်းရှိ ယခင်ရေချို ငါးဥယျာဉ် နေရာတွင် တည်ဆောက်လျက် ရှိသည့် မြန်မာ အကွာရီယံ နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အား ၂ဝ၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသ နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကန်တော်ကြီး ရေချိုငါးဥယျာဉ် ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲခဲ့ပြီး ကန်တော်ကြီး ရေချို ငါးဥယျာဉ်သည် အချက်အချာ ကျသည့်နေရာ၌ ရှိခြင်းကြောင့် နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အဖြစ် တည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ပြည်တွင်း လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူ ခဲ့သည်။ ယင်းတင်ဒါ ခေါ်ယူ ခဲ့ရာတွင် ငှားရမ်းခ တစ်နှစ်လျှင် ကျပ်သိန်း ၁၂ဝဝ ပေးသည့် ဒေါ်ယုယဝင်း (မြန်မာ အကွာရီယံ ကုမ္ပဏီ)မှ တင်ဒါ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ပြတိုက်သည် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၉ဝဝဝဝ၊ အမြင့်ပေ ၄ဝ ရှိမည် ဖြစ်သည်။ တစ်ထပ်ချင်း အမြင့် အနေဖြင့် ၁၂ ပေ ၆ လက်မ ရှိမည်ဖြစ်ပြီး စုစုပေါင်း ရေပမာဏ လီတာ ငါးသိန်း အသုံးပြု သွားမည် ဖြစ်သည်။

ယင်း ငါးပြတိုက်တွင် ငါးမန်း အပါအဝင် ငါး အမျိုးအစား ပေါင်း ၅ဝဝ ခန့်၊ ငါးအကောင်ရေ တစ်သန်းခန့်ကို ပြသသွားမည် ဖြစ်ပြီး ကြည့်ရှုသူ များကို ဆွဲဆောင် နိုင်သော မြန်မာနိုင်ငံ၏ Landmark အသွင်ဖြစ်လာ မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း၊ ပြတိုက်အတွင်း ရေငန်ငါးနှင့် ပင်လယ်ငါး မျိုးစိတ်များအား တစ်လှည့်စီ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေပေါ် ရေအောက် ငါးပြတိုက် အသစ်ကို ယခင် ရေချို ငါးဥယျာဉ်ထက် ပိုမိုထူးခြား ဆန်းသစ်သည့် ပြကွက်များ၊ ရေချိုရေငန် များကို ရေပေါ် ရေအောက် အသွင်ဖြင့် အနီးကပ် လေ့လာနိုင်မည့် ပထမဆုံး ငါးပြတိုက် အဖြစ် တည်ဆောက် နေခြင်း ဖြစ်သည်။ မူလက ၂ဝ၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ပြသ နိုင်ရန် စီစဉ် ခဲ့သော်လည်း ပြတိုက်အတွင်း အသုံးပြုမည့် ပစ္စည်းများကို ပိုမိုကောင်းမွန် စေရန် ရွေးချယ် နေခြင်းကြောင့် ၂ဝ၁၆ ခုနှစ်အတွင်း တစ်စိတ် တစ်ပိုင်း ပြသနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment