Pages

Wednesday, September 9, 2015

ကူးစက်မြန်ရောဂါကြောင့် အသက်ငါးနှစ်အောက် ကလေးငယ် ငါးသောင်းခန့် နှစ်စဉ်သေဆုံးနေ


ရန်ကုန် ၊ ၉-၉-၂၀၁၅

မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးငယ် ငါးသောင်းခန့်မှာ ကူးစက်မြန် ရောဂါများကြောင့် နှစ်စဉ်သေဆုံး နေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကူးစက်ရောဂါ များဖြစ်သည့် ဝမ်းပျက် ဝမ်းလျှော၊ အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကြောင့် အသက်ငါးနှစ် မပြည့်မီ အချိန်တွင် ကလေးငယ်များ သေဆုံးမှုနှုန်း များလာပြီး နိုင်ငံတကာ တွင်လည်း အသက် ငါးနှစ်အောက် ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားနှုန်းသည် ဒုတိယ အကြီးမားဆုံး ရောဂါ ဖြစ်ကြောင်း သိရသည်။

''သန့်ရှင်းတဲ့ ကျန်းမာရေး အလေ့အကျင့် တွေနဲ့ ပတ်သက်ပြီး ပညာပေးမှုတွေ များများ လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပညာပေးမှု တွေကို ခံယူဖို့ လိုပါတယ်။ ကူးစက်မြန် ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာ ဗဟုသုတ တွေလည်း အရမ်းနည်း နေတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကလေး အထူးကု တိုင်းကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာ ခင်စောရီ က ပြောသည်။

မိုးရာသီနှင့် ရေကြီးရေလျှံမှု ဖြစ်ပွားသော ဒေသများ၌ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ရေလျှံပြီး တင်ကျန်သော ရေသေများတွင် အမှိုက် စွန့်ပစ်ခြင်း မပြုရန်နှင့် မြောင်းများ ပိတ်ဆို့ခြင်း တို့ကို ဖယ်ရှားခြင်း ပြုလုပ်ရန် လိုအပ်ပြီး မျက်စိဖြင့် မမြင်နိုင်သော ဗိုင်းရပ်စ်ပိုးမွှား များကြောင့် ရောဂါများ ကူးစက်ပြန့်ပွား နေကြောင်း သိရသည်။

''မိုးရာသီမှာ ဝမ်းပျက် ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အအေးပတ် တာတွေ မကြာခဏ ဖြစ်တယ်။ ကလေးတွေ နေမကောင်း ဖြစ်တော့ ကျောင်းစာတွေ နောက်ကျတဲ့ အပြင် ဆေးကုသ စရိတ်လည်း ကုန်တယ်။ အခုဆိုရင် ကုသစရိတ် ကလည်း မြင့်တက် လာတော့ နေမကောင်း မဖြစ်အောင် ကလေးတွေကို တစ်ကိုယ်ရေ သန့်ရှင်းရေး မှန်မှန် လုပ်ပေး ရမယ်'' ဟု လသာမြို့နယ်မှ မိခင်တစ်ဦး ဖြစ်သူ က ပြောသည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် အဆုတ် ရောဂါများ မဖြစ်ပွား စေရန် ဆပ်ပြာဖြင့် လက်ဆေးခြင်းသည် အထိရောက်ဆုံး နှင့် ကုန်ကျစရိတ် အသက်သာ ဆုံးသော ကာကွယ်နည်း ဖြစ်ပြီး ငွေကြေးနှင့် အချိန်ကုန် ခြင်းမှလည်း ကာကွယ် နိုင်သော နည်းလမ်း တစ်ခုဖြစ်ကာ ကလေးငယ် များ၏ အသက် သေဆုံးခြင်း ကိုလည်း တားဆီး နိုင်သည်။ ဆပ်ပြာ အသုံးပြု၍ လက်ဆေးခြင်းဖြင့် ကမ္ဘာပေါ်ရှိ အသက် ငါးနှစ်အောက် ကလေးငယ်များ သေဆုံး စေနိုင်သော ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားနှုန်းကို ၄၅ ရာခိုင်နှုန်းနှင့် အဆုတ်ရောဂါ ဖြစ်ပွားနှုန်းကို ၂၃ ရာခိုင်နှုန်း အထိ လျှော့ချပေး နိုင်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment