Pages

Wednesday, September 9, 2015

ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့် ကာလများတွင် ခိုးယူဖမ်းဆီးသူ များနှင့် ပိတ်ပင်ထားသည့် ငါးဖမ်းဆီးနည်း အသုံးပြုသူများကို ထိထိရောက်ရောက် အရေးယူမည်



ရန်ကုန် ၊ ၉-၉-၂၀၁၅

မြန်မာ့ရေပြင် သယံဇာတများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်နှင့် ရေပေါ် ရေအောက် သယံဇာတများကို ထိန်းသိမ်းနိုင်ရန် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားသည့် ကာလများတွင် ခိုးယူ ဖမ်းဆီးသူများနှင့် ရေပြင် သယံဇာတများ ဆုံးရှုံးမှု မရှိစေရေး အတွက် ပိတ်ပင် တားမြစ်ထားသည့် ငါးဖမ်းဆီးနည်း အသုံးပြုသူ များကို ယခုနှစ်အတွင်း ထိထိ ရောက်ရောက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း ကပြောသည်။

မြန်မာ့ရေပြင် အတွင်းရှိ ရေပေါ် ရေအောက် သယံဇာတများ နှင့် ငါး၊ပုစွန်သားပေါက် နှုန်းများမှာ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာသည့် အပြင် ဖမ်းဆီးရေး လုပ်ငန်းများ တွင်လည်း ငါး၊ ပုစွန်ရရှိသည့် ပမာဏမှာ ယခင်ကထက် ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်း လာခြင်းကြောင့် ရေပြင် သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။

'' တလောက နော်ဝေနိုင်ငံက ရေပြင်သုတေသန ရေယာဉ်နဲ့အတူ ဒီက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တွေ သုတေသန လုပ်ငန်းတွေ လုပ်တယ်။ ရေပြင်သယံဇာတ တွေက တော်တော်လေး ဆုံးရှုံးနေပြီ။ ပြီးတော့ ငါးဥချချိန်နဲ့ သားပေါက်ချိန် တွေမှာ ဖမ်းဆီးခွင့် ပိတ်ပင်ထားတယ်။ ဒါပေမဲ့ ဖမ်းဆီးနေကြ တာပဲ။ အဲဒါကြောင့် ငါးသယံဇာတတွေ ကျဆင်းလာတယ်။ ပင်လယ်ပြင် ဂေဟစနစ်ကို ပျက်စီးစေမယ့် ငါးဖမ်းနည်းတွေ သုံးတာလည်း ပိတ်ပင် တော့မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပင်လယ်ပြင်နှင့် မြစ်ကြောင်း တစ်လျှောက် ငါးဖမ်းဆီးရေး လုပ်ငန်းလုပ် ကိုင်သူများကို တရွတ်တိုက် ငါးဖမ်းနည်း၊ ကျားပိုက်ချ ငါးဖမ်းနည်း၊ တရုတ်ဘုံကျောင်း ငါးဖမ်းနည်း များကို အသုံးမပြုရန် တားမြစ်ထား သော်လည်း လုပ်ကိုင်သူများ ရှိနေ သေးကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment