Pages

Monday, September 7, 2015

တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းကို မြန်မာနှင့် ကမ္ဘာ့ဆင် ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်မည်



ရန်ကုန် ၊ ၇-၉-၂၀၁၅

တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းကို မြန်မာနှင့် ကမ္ဘာ့ဆင် ထိန်းသိမ်းရေး အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေး ဌာနမှ သိရသည်။ 

ထို့ကြောင့် မြန်မာ့ တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းများကို ကမ္ဘာ့ဆင် ထိန်းသိမ်းရေး အဖွဲ့များက ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းကာ လာမည့်နှစ်မှ စတင်၍ Action Plan များ ရေးဆွဲပြီး  လုပ်ဆောင်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော် က ပြောပြသည်။

ထိုသို့ တောဆင်ရိုင်းများ ထိန်းသိမ်းခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် ဆင်အကောင်ရေ စစ်တမ်း ကောက်ယူခြင်း၊ ဆင်များ၏ နေထိုင် ကျက်စားရာ ဒေသများရှာဖွေ ထုတ်ဖော်ခြင်း၊ မျိုးကောင် အရေအတွက် သိရှိစေရန် DNA နည်းလမ်းများဖြင့် စစ်ဆေးခြင်း အစရှိသည်တို့ကို သိပ္ပံနည်းကျ ပြန်လည်စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းကို နိုင်ငံတော်အစိုးရ ဘတ်ဂျက်ငွေများ၊ နိုင်ငံတကာ ရန်ပုံငွေများမှ တစ်ဆင့် တောင်းခံကာ ဆောင်ရွက်မည် ဖြစ်ပြီး တောဆင်ရိုင်းများ အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အိမ်မွေးဆင်များ ပြုစု စောင့်ရှောက် ထိန်းသိမ်းရေး စခန်းများကိုလည်း ပြန်လည် အဆင့်မြှင့်တင် မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တောဆင်ရိုင်းများမှာ မြန်မာနိုင်ငံတွင် အကောင်ရေ ၃ဝဝဝ ခန့်သာ ရှိတော့ကြောင်း နှင့် မွေးကောင်ရေထက် သေဆုံးနှုန်း ပိုမိုများပြားလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် တောဆင်ရိုင်းများ ကျက်စားရာ ဒေသ ရှာဖွေဖော်ထုတ် ပေးခြင်း၊ မျိုးစိတ်၊ ဖို၊ မ ထိန်းညှိပေး ခြင်းတို့ကို အဓိက ဆောင်ရွက်မည် ဖြစ်ပြီး ဒေသခံလူထုကို ပညာပေး ဟောပြောမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ နှင့် လယ်ယာ စိုက်ပျိုးရေး အဖွဲ့၏ အစီရင်ခံစာများ အရ ၁၉၇၉ ခုနှစ်က မြန်မာနိုင်ငံ၌ တောဆင်ရိုင်း ကောင်ရေ ၆ဝဝဝ ခန့် ရှိသော်လည်း လက်ရှိတွင် တောဆင်ရိုင်း ကောင်ရေမှာ ထက်ဝက်ခန့်သာ ကျန်ရှိပြီး သစ်တော ဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် ပုဂ္ဂလိက အိမ်မွေးဆင် စုစုပေါင်း ၄၆၄၉ ကောင် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment