Pages

Tuesday, September 1, 2015

လာမည့် ခရီးသွားရာသီတွင် မြိတ်ကျွန်းစုသို့ လာရောက်လည်ပတ်ရန် ထိုင်းခရီးသွားများ အများဆုံး စာရင်းပေးသွင်း



မြိတ် ၊ ၁-၉-၂ဝ၁၅

လာမည့် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံ၏ ခရီးသွားဒေသ တစ်ခုဖြစ်သည့် မြိတ်ကျွန်းစုသို့ လာရောက် လည်ပတ်ရန် ထိုင်း ခရီးသွားများ ကြိုတင် စာရင်းပေးသွင်းမှု အများဆုံး ရှိနေကြောင်း ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ လုပ်ငန်းရှင် များ၏ ပြောကြားချက် အရ သိရသည်။

ယခုနှစ် အတွင်း မြိတ်ကျွန်းစု (ယာပုံ) အတွင်းရှိ ကျွန်းတချို့သို့ လည်ပတ်ရန် ပြည်တွင်း ခရီးသွားများ သာမက ပြည်ပ ခရီးသွားများ အကြားတွင်ပါ စိတ်ဝင်စားမှု မြင့်တက်လာပြီး ထိုင်းခရီးသွားများ အများဆုံး စာရင်းပေးသွင်း ထားကြောင်း သိရသည်။

ထိုင်းခရီးသွား များအား မြိတ်ကျွန်းစုသို့ ပို့ဆောင် ပေးရာတွင် ကော့သောင်း ဘက်မှတစ်ဆင့် သွားရောက်လျှင် အဆင်ပြေ သော်လည်း ကျွန်းစုမြို့နယ် ဘက်မှ ကျွန်းများမှာ သွားလာရန် ကန့်သတ်ချက်များ ရှိသဖြင့် ပို့ဆောင် ပေးရာတွင် အခက်အခဲများ ရှိသည်။ ထို့ကြောင့် ကန့်သတ်မှုများ ဖြေလျှော့ပေး နိုင်ပါက ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီများ အနေဖြင့် ပို့ဆောင်ပေး ရာတွင် အဆင်ပြေ စေမည် ဖြစ်ကြောင်း သိရသည်။

မိုးရာသီတွင် မြိတ်ကျွန်းစုသို့ သွားရောက် လည်ပတ်မှု ရှိသော်လည်း ရာသီဥတု အခြေအနေ အရ လည်ပတ်မှု နည်းပါးလျက် ရှိပြီး လာမည့် ခရီးသွားရာသီ အောက်တိုဘာလ မှ စတင်၍ ခရီးသွား အများအပြား ဝင်ရောက် လာဖွယ် ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစု အတွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကုမ္ပဏီ ၂၇ ခုအား ခွင့်ပြုပေး ထားပြီး ခရီးသွားများ သွားရောက် လည်ပတ်မှု အပေါ် မူတည်ကာ ခရီးသွား ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ များလည်း တိုးပွားလာမည် ဖြစ်သည်။ အဆိုပါ ဒေသအတွင်း ခရီးသွားများ အဆင်ပြေစွာ လည်ပတ်နိုင်ရေး ခရီးသွား ဒေသတစ်ခု အဖြစ် ဖော်ဆောင်လျက် ရှိရာ ဒေသခံ ပြည်သူများ အတွက် အကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဘာဝ ပင်လယ်ကမ်းခြေ အလှအပ များဖြင့် ပြည့်နေသော မြိတ်ကျွန်းစု အတွင်းရှိ ပင်လယ်ပြင်တွင် နေထိုင်သွားလာ နေသည့် ဆလုံ တိုင်းရင်းသား များသည်လည်း ကမ္ဘာလှည့် ခရီးသွားများ အတွက် အဓိက ဆွဲဆောင် နိုင်သည့် အချက်တစ်ခု ဖြစ်သည်။ မြိတ်ကျွန်းစု အတွင်း လာရောက် လည်ပတ်မည့် ခရီးသွားများအား သုံးညအိပ် လေးရက် ခရီးနေ ထိုင်သွားလာခွင့် ရရှိစေရန် မြိတ်ခရိုင် ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MCCI) မှ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနသို့ တင်ပြ ထားသည်။

မြိတ်ကျွန်းစု ဒေသသည် လာမည့် နှစ်များတွင် ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုး လာနိုင်သည့် ဒေသတစ်ခု ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment