Pages

Tuesday, September 1, 2015

ဂျပန်နိုင်ငံတွင် သွားရောက် လုပ်ကိုင်သည့် အလုပ်သင်များ ထွက်ပြေးပါက ပြည်တွင်းရှိ မိသားစုများက ငါးလစာပေးလျော်ရမည်


ရန်ကုန် ၊ ၁-၉-၂၀၁၅

ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာနိုင်ငံသား အလုပ်သင်များ ထွက်ပြေးပါက ပြည်တွင်းရှိ မိသားစုများမှ ငါးလစာပေး လျော်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ် ရခြင်းမှာ ဂျပန်နိုင်ငံသို့ သွားရောက်သည့် မြန်မာ နိုင်ငံသားများ လုပ်ငန်းခွင်မှ ထွက်ပြေး တိမ်းရှောင်သူ ဦးရေ မြင့်တက် လာခြင်းကြောင့် ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁ဝ ဦးတွင် လေးဦးခန့်မှာ ထွက်ပြေး နေသဖြင့် ပြည်တွင်းရှိ မိသားစုများက စာချုပ်တွင် ချုပ်ဆိုထားသည့် လစာအတိုင်း ငါးလစာ ပေးလျော်ရမည် ဖြစ်ကြောင်း သိရသည်။

''အခုဆိုရင် ထွက်ပြေးတဲ့ ရာခိုင်နှုန်းက မြင့်တက်လာတဲ့ အတွက် ဂျပန်နိုင်ငံ ဘက်က လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြောစရာတွေ ဖြစ်လာတယ်'' ဟု မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှဗဟိုအလုပ် အမှုဆောင် ဦးကိုလေး က ပြောသည်။

ထိုကဲ့သို့ ကိစ္စရပ်များ ဖြစ်ပွားရခြင်းမှာ ဂျပန်နိုင်ငံ၏ ဥပဒေအရ ဒုက္ခသည် အဖြစ် နိုင်ငံရေး ခိုလှုံခွင့် ရှိနေသည့်အတွက် ယင်းအချက်ကို အသုံးချရန် ထွက်ပြေးခိုလှုံ နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံသို့ သွားရန် ဝန်ဆောင်ခ နှုန်းထားကို အမေရိကန် ဒေါ်လာ၂၈ဝဝ အဖြစ် အသစ် ပြန်လည် သတ်မှတ် ထားသည်။ ယခု အချိန်တွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ရန် အသင့် စောင့်ဆိုင်း နေသည့် လူဦးရေမှာ ထောင်ချီ ရှိနေပြီး ဆက်လက် စေလွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment