Pages

Wednesday, September 16, 2015

ဒူးနာရောဂါ ဆေးမြီးတိုများ


ဒူးနာရောဂါ ဆေးမြီးတိုများ

ကြည်မြင့်လွင် (မုဒြာ)

ဒူးနာရောဂါသည် လူငယ်များတွင် ဘောလုံး အားကစား သမားများနှင့် လူကြီးများတွင် ဝ၍ မိမိခန္ဓာကိုယ် အလေးချိန် မထိန်းနိုင်သူများ၊ အထိုင်များ၍ လမ်းလျှောက် နည်းသူများ၊ အရိုးပွ၍ ဒူးကျီးပေါင်းတက် ရောဂါ ရှိသူများ၊ ချော်လဲ၍ တိုက်မိ ခိုက်မိကာ ဒူးတွင် ဒဏ်ရာရဖူး သူများတွင် တွေ့ရလေ့ ရှိသည်။

အမျိုးသမီး များတွင် ဒူးနာရောဂါ သည် သွေးဆုံးပြီး သည့်နောက်တွင် အလိုအလျောက် ဖြစ်လာသည်ကို တွေ့ရသည်။ အနောက်တိုင်း ဆေးပညာအရ သွေးဆုံးပြီးလျှင် အရိုးပွရောဂါ ဝင်လာပြီး အရိုးများ ကျိုးလွယ်သည်။ ကြွပ်ဆတ်ပြီး ကျီးပေါင်း တက်လာသည်။ အထူးသဖြင့် လည်ပင်းရိုးဆစ် ကျီးပေါင်းတက် သဖြင့် ခေါင်းမူးခြင်း၊ ငုံ့လျှင်၊ မော့လျှင် မူးပြီး ချာချာလည်ခြင်း၊ ဒူးဆစ်၊ ခါးဆစ်များ အကွေး အဆန့်တွင် အသံမြည်ခြင်း၊ ကျီးပေါင်းကြောင့် ကွေး၍ ဆန့်၍ အဆုံးထိ မရခြင်းများ ဖြစ်လေ့ ရှိသည်။

ဒူးတွင် ခုံညင်းရိုး ရှိသည်။ အကွေး၊ အဆန့်၊ အဆင်း၊ အတက် တွင် ဒူးအတွင်းမှ ချောဆီနှင့် ခုံညင်းရိုးသည် အလိုက်သင့် ကွေးညွတ် ပေးသည်။ လူကြီးများ ဒူးထောက်လဲလျှင် ခုံညင်းရိုး ကွဲသဖြင့် ထုတ်ပစ်ရသူများ ရှိသည်။ မကွဲသော်လည်း အမြှေး ကွာသဖြင့် ဒူးအတွင်းမှ အရည်များ အိတ်ဖြစ်လာသဖြင့် ဖောင်းကား နေသည်ကို ဒူးကြီးရောဂါ ဟုခေါ်သည်။ ဆေးရုံများတွင် ခွဲစိတ်ပြီး အတွင်းမှအရည်ကို ဖောက်ထုတ်လေ့ ရှိသည်။ အချို့မှာ မကုဘဲ ထားသဖြင့် ဒူးကြီးရောဂါ အဖြစ် အကွေးအဆန့် မလုပ်နိုင်ဘဲ နေကြသူများလည်း တွေ့ရသည်။ အချို့မှာလည်း ခွဲစိတ် ကုသပြီးမှ နောက်ထပ် အရည်ထွက်လာပြီး ဒူးပြန်ရောင်ကာ ဒူးကြီးရောဂါ စွဲနေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဒူးကြီးနေသူ ကျောင်းဆရာမ တစ်ဦးသည် အရပ်သုံး ဆေးမြီးတိုဖြင့် သက်သာသည်ကို တွေ့ရဖူးသည်။ သူသည်လမ်းဘေး ရေမြောင်း အနီးတွင် အုံလိုက် အလေ့ကျ ပေါက်သည့် ကိုယ်ရံကြီးပင် ခေါ် ကိုယ်ရံကြီး ဂမုန်းပင်မှ အရွက်ရှည်ရှည်ကြီး များကို ခူးယူပြီး မီးကင်၍ ပျော့ပျောင်း သွားအောင် ပြုလုပ်သည်။ ထိုအရွက်ကို ဒူးတွင်ပတ်ပြီး ပတ်တီးဖြင့် နှစ်နာရီ၊ သုံးနာရီခန့် စည်းထားသည်။ ပတ်တီး ဖြေလိုက်သော အခါ ဒူးတွင် ယားပိမ့်လေးများ၊ နီနီ အစက်လေးများ ထွက်လာသည်ကို တွေ့ရသည်။ ဒူးအတွင်းမှ အခိုးများ ကန်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ သနပ်ခါး ကျောက်ပျဉ်တွင် ဆားအနည်းငယ် ရောသွေးပြီး ဒူးတွင် လိမ်းပေးသော အခါ ထိုအနီစက် လေးများ ပျောက်သွားပြီး ဒူးနာလည်း သက်သာသည်ဟု ဆိုသည်။

ဒူးနာအတွက် ဆေးမြီးတိုများ

  • - ခြေဖဝါးတွင် ဆားပွတ်ပြီး ဒူးအထက်မှ ရေလောင်းချပါ။ ညအိပ်ရာမဝင်မီ နေ့စဉ်ပြုလုပ် ခြင်းဖြင့် ဒူးနာသက်သာ စေနိုင်သည်။
  • - သက်ရင်းကြီး အမြစ်ကို ဆားနှင့် ရောသွေးပြီး ဒူးတွင်လိမ်းအဝတ်ဖြင့် ပတ်ထားလျှင် အကိုက်သက်သာ စေသည်။
  • - သင်္ဘောရွက်ကို မီးကင်ပြီး ဒူးပေါ်တွင် အုပ်၊ ပတ်တီးဖြင့် စည်းထားလျှင် ဒူးကြီးရောဂါ သက်သာ စေနိုင်သည်။
  • - ဒူးကျီးပေါင်း တက်လျှင် သစ်ကြံပိုးခေါက် အမှုန့်ကို ကြက်ဥအကာရည် အဖြူဖြင့် ရောမွှေပြီး ဒူးတွင် အုပ်၍ စည်းပေးပါ။ ၁၄ ရက်ထိစည်းလျှင် ဒူးကျီးပေါင်း ပျောက်ကင်း စေနိုင်သည်။
  • - ပင်လယ် ကမ်းခြေတွင် နေသူများ ခရာရွက်ကို ဆီသုတ်၍ မီးကင်ပြီး ဒူးတွင် စည်းထားလျှင် ဒူးနာသက်သာ စေသည်။
  • - ဒူးတွင် မုန်ညင်းဆီ လိမ်းပြီး မိဿလင်ကို အဝတ်ဖြင့် ထုပ်၍ ကြပ်ထုပ်ပူပူ ထိုးပေးလျှင် ဒူးနာသက်သာ စေသည်။
ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment