Pages

Wednesday, September 16, 2015

သံဖြူဇရပ် မီးရထားပြတိုက်၌ သေမင်းတမန် ရထားလမ်းပိုင်း ဖောက်လုပ်ရင်း သေဆုံးခဲ့သည့် လုပ်သား ၁၂၀၀၀၀ ကျော်တို့၏ ရှားပါးဓာတ်ပုံများ ထည့်သွင်းပြသမည်


သံဖြူဇရပ် ၊ ၁၆-၉-၂၀၁၅

ဖက်ဆစ်ဂျပန် တို့၏ အာရှ စစ်မျက်နှာပြင် ဖွင့်လှစ်ကာ နယ်ချဲ့ ကျူးကျော် ကာလအတွင်း မြန်မာ- ယိုးဒယား (ထိုင်း) နှစ်နိုင်ငံ ဆက်သွယ်သော သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ လှုပ်ရှားမှု ပုံရိပ်မှတ်တမ်း ဓာတ်ပုံများကို သံဖြူဇရပ် မီးရထားပြတိုက် ၌ အများပြည် သူလေ့လာနိုင်ရန် ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း မီးရထား ပြတိုက် တည်ဆောက်ရေး စီမံကိန်းရုံးမှ သိရသည်။

ဂျပန်ဘုရင့် တပ်မတော် ဝန်ကြီး ဂျန်နရယ် က တိုကျိုမှ ရထားလမ်း ဖောက်လုပ်ရန် ၁၉၄၂ ခုနှစ်တွင် စီမံကိန်းရေးဆွဲပြီး လုပ်ငန်းစတင် ခဲ့ကြောင်း သိရသည်။ ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ဗလာ ဒက်ကန် ချိုင်းနားပူရီဆန်ပေါ်  ဘူတာမှ စတင်၍ မြန်မာနိုင်ငံ ကွေး (Kwai) မြစ်ကိုဖြတ်ကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ အထိ ရထားလမ်း အရှည် ၁၇၅ မိုင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်း ဖောက်လုပ်မှုတွင် ဂျပန် တပ်မတော်သည် မဟာမိတ် စစ်နိုင်ငံများ ဖြစ်သော ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြီးယား၊ ဒိန်းမတ်နှင့် နယ်သာလန် စသော နိုင်ငံများမှ စစ်သုံ့ပန်း ၁၆၈ဝဝ ဦးကျော်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများမှ လုပ်သားများ အပါအဝင် ၈ဝဝဝဝ ကျော်တို့အား ချွေးတပ်အဖြစ် စုရုံးကာ လူအင်အားဖြင့် နေ့ချင်း ညချင်းပြီး ဖောက်လုပ် ခဲ့ကြောင်း သိရသည်။

စီမံကိန်းကာလ တွင် ဂျပန်တို့၏ ဖိအားပေး ခိုင်းစေမှု များကြောင့် လုပ်သားများသည် တောတောင်များ ရှင်းလင်းရာတွင် ကျားဆွဲခံရခြင်း၊ တခြား တောရိုင်း တိရစ္ဆာန် များ၏ တိုက်ခိုက် ခံရခြင်း၊ ခဲယမ်းများဖြင့် တောင်များ မိုင်းခွဲဖြိုရာတွင် ထိခိုက် ဒဏ်ရာများ ရကာ သေဆုံးခြင်း၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ခြင်းနှင့် ဂျပန်တို့၏ ညှင်းပန်း နှိပ်စက်မှု များကြောင့် လူဦးရေ ၁၂ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

၁၇၅ မိုင်ရှိသော သေမင်းတမန် ရထားလမ်းပိုင်မှ ဇလီဖားတုံး အရေအတွက်မျှ လုပ်သားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ် ခဲ့ရသော ရထားလမ်းပိုင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ သမိုင်းရာဇဝင် ဖြစ်ရပ်များကို အများ ပြည်သူနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြည့်ရှု လေ့လာနိုင် စေရန် ရှားပါးဓာတ်ပုံ မှတ်တမ်း၊ 3D ဒီဇိုင်းနှင့် ပန်းချီများကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြီးစီးတော့မည့် သံဖြူဇရပ် မီးရထား ပြတိုက်၌ ထည့်သွင်းပြသ သွားမည် ဖြစ်ကြောင်း ပြတိုက်ခင်းကျင်း ပြသရေး အဖွဲ့မှ သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment