Pages

Monday, September 14, 2015

လူလတ်ပိုင်းအရွယ်များ ကြားတွင် လေဖြတ်သည့်ဖြစ်စဉ်များ ကြုံလာ


ရန်ကုန် ၊ ၁၄-၉-၂ဝ၁၅

ယခုနောက်ပိုင်း လူလတ်ပိုင်း အရွယ်များ ကြားတွင် လေဖြတ်သည့် ဖြစ်စဉ်များ တွေ့ကြုံလျက် ရှိကြောင်း အထွေထွေ ရောဂါကု ဆေးခန်းများမှ သိရသည်။

''လေဖြတ်တယ် ဆိုတာကတော့ အကြောတွေ သေသွားသလိုမျိုး ဖြစ်တာပါ။ အခုနောက်ပိုင်း အသက် ၃ဝ ဝန်းကျင် လူငယ်တွေမှာ ဖြစ်လာတာကို တွေ့ရတယ်။ ကျွန်တော့်ဆီကို လာပြတဲ့ သူတွေဆိုရင် သူ့သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အရိုးအကြောပိုင်း ဆိုင်ရာ ဆရာဝန်တွေကို လွှဲပေးခဲ့တယ်'' ဟု အထွေထွေ ရောဂါကု ဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာ မြင့်သိန်းထွန်း က ပြောသည်။

ထိုသို့ အကြောသေတာ ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှား၍ မရသော အဖြစ်မျိုးကို ယခင်က သက်ကြီး အရွယ်များတွင် ဖြစ်ပွားမှု ရှိသော်လည်း ယခု နောက်ပိုင်း လူလတ်ပိုင်းနှင့် လူငယ်များတွင် ဖြစ်ပွားကြပြီး တချို့မှာ လုံးဝ ပြန်ကောင်းသည် အထိ မဖြစ်သေးဘဲ လေ့ကျင့်ခန်းများ ပြုလုပ်၍ အကြောများ ပြန်လည်သန်စွမ်း စေရန် လုပ်ဆောင်မှုများ ရှိကြောင်း သိရသည်။

''အအေးခံတာ များရင် လေဖြတ်တယ် ပြောလို့ တစ်ခါမှလည်း အအေးမခံ မိပါဘူး။ ကိုယ်က ဝတဲ့သူဖြစ်တော့ ကျန်းမာရေးကို ဂရုစိုက်နေထိုင် ရတဲ့ အခြေအနေ မျိုးမှာ ပါးတစ်ခြမ်းသာ တောင့်တင်းပြီး စကားပြော ရင်တောင် သိပ်မပီသချင် တော့ဘူး။ ဆေးခန်း သွားပြတော့ လေတစ်ခြမ်း ဖြတ်တာလို့ ပြောပြီး အကြော ဆရာဝန်ဆီကို သွားပြဖို့ လွှဲပေးပါတယ်'' ဟု လေဖြတ် ဝေဒနာရှင် ဒေါ်ခင်ယု က ပြောသည်။

လူလတ်ပိုင်း အရွယ်များတွင် ဖြစ်ပွားမှု များလာသော လေဖြတ်သည့် ကိစ္စမှာ ဦးနှောက်ပိုင်း၏ သက်ရောက်မှု ကြောင့်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွင်ကျယ် များပြားလာသော ဖျော်ဖြေရေး မီဒီယာများ နှင့် လူမှုကွန်ရက်များ ကြားတွင် လူငယ်များမှာ စိတ်ဝင်စား သုံးစွဲစီးမျော နေခြင်း၊ လူမှုပတ်ဝန်းကျင် အခြေအနေများ အရ စိတ်ခံစားမှု ပြင်းထန်ကာ မကြာခဏ ကြုံလာခြင်း စသည်တို့ ကြောင့် ဖြစ်ကြောင်း စိတ် ကျန်းမာရေး အထူးကု ဆရာဝန် တစ်ဦးက သုံးသပ် ပြောသည်။

''ကိုယ်တစ်ခြမ်း လေဖြတ်လို့ လာပြတဲ့ လူနာတွေကို ကြည့်ရင် စိတ်ခံစားမှု ပြင်းထန် ပြောင်းလဲ လွယ်တဲ့သူတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ စိတ်ထိခိုက်တာ တွေကို မကြာသေးခင်က ကြုံပြီးတော့မှ လာပြကြတယ် ဆိုတာ တွေ့ရတယ်။ တချို့လည်း ကွန်ပျူတာ နဲ့ အင်တာနက်ကို အချိန်ပြည့် သုံးစွဲသူ တွေဆိုတာ တွေ့ရတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။ (ထက်ခိုင်-စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment