Pages

Tuesday, September 8, 2015

ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ အဆင်ပြေစေရေး စာမေးပွဲကာလတွင် ရထားချိန် ပြောင်းလဲပြေးဆွဲမည်



ရန်ကုန် ၊ ၈-၉-၂၀၁၅

ရန်ကုန်မြို့ရှိ ကွန်ပျူတာ တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြား လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆို နေစဉ် ကာလအတွင်း သွားလာမှု လွယ်ကူစေရေး အတွက် လက်ရှိ ပြေးဆွဲနေသော ရထားများ၏ အချိန်စာရင်းကို ယာယီပြောင်းလဲ ပေးလိုက်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။

အဆိုပါ ရထားချိန် ပြောင်းလဲပြေး ဆွဲမှုကို ယမန်နေ့မှ စတင်၍ စက်တင်ဘာ ၁၅ ရက်အထိ ပြောင်းလဲပေးမည် ဖြစ်ပြီး အဆိုပါ တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ''ဃ'' ရထားနှင့် ''ထ'' ရထား စသော RBE ရထားနှစ်စင်း ကို အချိန်ပြောင်း ထားခြင်း ဖြစ်သည်။

ယခင်က ရန်ကုန် ဘူတာကြီးမှ နံနက် ၅ နာရီခွဲမှ ၆ နာရီအကြား ရထားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ထွက်ခွာ ခဲ့သော်လည်း စာမေးပွဲ ကာလတွင်  ''ဃ'' RBE ရထားမှာ နံနက် ၆ နာရီခွဲခန့် တွင်လည်းကောင်း၊ ''ထ'' RBE ရထားမှာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် လည်းကောင်း ရန်ကုန် ဘူတာကြီးမှ ကွန်ပျူတာ တက္ကသိုလ်သို့ ထွက်ခွာပေးလျက် ရှိပြီး အချိန်စာရင်း ပြောင်းလဲမှုကို ကိုးရက်တိုင်အောင် စီစဉ်ထားကာ စာမေးပွဲဖြေမည့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုကို အဆင်ပြေစေရန် စီစဉ်ပေးခြင်း ဖြစ်သည်။

''ဒီရထားတွေက နံနက်ပိုင်း ဆိုရင် ကျောင်းချိန် မတိုင်ခင် အမီပြေးဆွဲ ပေးခဲ့ပြီး ညနေ ကျောင်းဆင်းချိန်မှာ ရန်ကုန် ဘူတာကြီး ဘက်ကို ပြေးဆွဲတာ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ ညနေ ၅ နာရီကျော် ဆိုရင် နှစ်စင်း ရှေ့ဆင့် နောက်ဆင့် ဆိုက်ရောက် လာတာ ဖြစ်ပါတယ်'' ဟု မြန်မာ့ မီးရထားမှ ရုံပိုင်တစ်ဦးက ပြောသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment