Pages

Saturday, September 5, 2015

အင်းလေးကန် နှင့် ပင်းတယလိုဏ်ဂူ တို့ကို ဆေးလိပ်ငွေ့ကင်းစင်ရေး ဒေသအဖြစ် သတ်မှတ် ဆောင်ရွက်မည်



ရန်ကုန် ၊ ၅-၉-၂၀၁၅

ရှမ်းပြည်နယ်ရှိ အင်းလေးကန် နှင့် ပင်းတယ လိုဏ်ဂူတို့ကို ဆေးလိပ်ငွေ့ ကင်းစင်ရေး ဒေသအဖြစ် စက်တင်ဘာ ၁ဝ ရက်မှ စတင်၍ သတ်မှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ဝင် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့် ၏ ပြောကြားချက်အရ သိရသည်။

''အာဆီယံ အမွေအနှစ်ဖြစ်တဲ့ အင်းလေးကန် မှာလည်း လုပ်သင့်တယ်လို့ ယူဆပြီးအခုလို သတ်မှတ် ဆောင်ရွက်တာပါ။ အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ ပင်းတယ လိုဏ်ဂူအပြင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်နေပါပြီ။ ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ချင် တာလည်း ပါတာပေါ့။ တစ်နှစ်လောက် အချိန်ယူပြီး တဖြည်းဖြည်းချင်း ဆောင်ရွက်ရမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အင်းလေးကန်ကို လူသားနှင့် ဇီဝ အဝန်းအဝိုင်း နယ်မြေအဖြစ် ယူနက်စကိုမှ ဇွန် ၁ဝ ရက်တွင် အသိအမှတ်ပြု ခဲ့ပြီး အင်းလေးကန် ထိန်းသိမ်းမှု စီမံကိန်းကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ဒုတိယငါးနှစ် စီမံကိန်းအဖြစ် သတ်မှတ်ထား ကာ အမေရိကန် ဒေါ်လာသန်း ၃ဝ သုံးစွဲရန် လျာထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ရေဝေရေလဲ ဒေသ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းတွင် အင်းလေးကန် အတွင်း ပိုးသတ်ဆေး ၊ ဓာတ်မြေသြဇာ တို့ကြောင့် ရေထု ညစ်ညမ်းလာမှု များကို ဖြေရှင်းဆောင် ရွက်ခြင်း၊ တောင်ပေါ်ဒေသ သစ်တောများ ပြုန်းတီးပျက်စီးလာ၍ မြေဆီလွှာ တိုက်စားမှုများ ကာကွယ်နိုင်ရန် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းခြင်း၊ ဒေသတွင်း ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်း၊ တိုင်းရင်းသားရိုးရာ ဓလေ့ ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် အင်းလေးကန် အတွင်း ရွှံ့ညွန်များ စုပ်ထုတ်ရန် နော်ဝေနိုင်ငံမှ အမေရိကန် ဒေါ်လာ တစ်သန်းတန်ဖိုး ရှိသော စက်နှစ်လုံးကို ဆည်မြောင်း ဦးစီးဌာန၏ အစီအစဉ်ဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment