Pages

Tuesday, September 8, 2015

အထွေထွေ ကုန်ကျစရိတ်မြင့်တက် လာခြင်းကြောင့် ရိုးရာစားသောက်ကုန် လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ



စစ်ကိုင်း ၊ ၈-၉-၂၀၁၅

အထွေထွေ ကုန်ကျ စရိတ်များ မြင့်တက်လာမှု၊ တရုတ်နိုင်ငံမှ တင်သွင်း လာသော ထုပ်ပိုးပုံ အမြင်လှပြီး ဓာတုဗေဒ ဆိုးဆေး၊ အနံ့၊ အရသာ များဖြင့် ထုတ်လုပ် ထားသော အရည်အသွေးနိမ့် အန္တရာယ်ရှိ တန်ဖိုးနည်း စားသောက်ကုန် များကို မယှဉ်နိုင် ခြင်းကြောင့် မြန်မာ့ရိုးရာ မုန့်ပဲသရေစာ ထုတ်လုပ်သော မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ရေရှည် ရပ်တည်နိုင်ရန် ခက်ခဲ လာကြောင်း သိရသည်။

မြန်မာ့ရိုးရာ စားသောက်ကုန် အများစုမှာ လယ်ယာ ဥယျာဉ်ခြံမြေ များမှ ထွက်ရှိသော သဘာဝ သီးနှံ ကုန်ကြမ်းများ၊ သမားရိုးကျ နည်းအတိုင်း မွေးမြူ ထားသော တိရစ္ဆာန်ထွက် ပစ္စည်းများကို အခြေခံပြီး မိရိုးဖလာ နည်းစနစ် အတိုင်း ပြုလုပ် ရောင်းချသော မုန့်ပဲသရေစာ နှင့် စားသောက်ကုန် များဖြစ် ကြကြောင်း၊ လုပ်ငန်းများ မှာလည်း မိသားစု တစ်ပိုင်တစ်နိုင် သာ လုပ်ကိုင်ကြပြီး အနည်းငယ် လုပ်ငန်းကြီး ပါမှ မိမိတို့ အိမ်နီးချင်း များကို ခေါ်ယူ လုပ်ကိုင် စေသော လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ယခု နှစ်ပိုင်း၌ ကုန်ကြမ်းဈေးများ သိသာစွာ မြင့်တက် လာကြောင်း၊ ကုလားပဲမှုန့် ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ငါးသောင်း ငါးထောင် ပေးရပြီး အာလူးသီးမှာ တစ်ပိဿာ ငွေကျပ် တစ်ထောင်ထိ ရောက်ခဲ့ကြောင်း၊ ယခင်က ဈေးသက်သာ သော ညောင်ပင်ဝန်း ရွာမှ ထွက်သည့် ခွံစိမ်း ငှက်ပျောသီး ပင်လျှင် ငှက်ပျောခြံများ ရေနစ်မြုပ် မှုကြောင့် ဈေးနှစ်ဆခန့် တက်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ငှက်ပျော တစ်ခိုင်လျှင် ငွေကျပ် ၄၅ဝဝ ထိပေးဝယ် နေရကြောင်း၊ မုန့်ကြော် စားဆီဈေးမှာ ၁ဝ ပိဿာတစ်ပုံး လျှင် ငွေကျပ် ၁၆၅ဝဝ ရှိသဖြင့် ခံသာ သေးသော်လည်း ထင်းဈေးမှာ လွန်စွာမြင့်ပြီး ရှားလာကြောင်း၊ ထင်း ထော်လာဂျီ တစ်စီးလျှင် ငွေကျပ် ငါးသောင်းခန့် ရှိပြီး ရှားသားကဲ့သို့ ထင်းအသား ကောင်းလျှင် ဈေးပိုပေး ရကြောင်း၊ ထိုသို့ အစစ အရာရာ ဈေးတက် သော်လည်း ထုတ်လုပ်သည့် မုန့်မှာ ဈေးတက်ယူ၍ မရကြောင်း၊ ထိုသို့ ကုန်ကြမ်းဈေးများ တက်လာသဖြင့် တွက်ခြေ မကိုက်သော်လည်း ၄င်းတို့၏ မုန့် အရည်အသွေး ကို အထိအခိုက် မခံကြောင်း၊ အုန်းတော ကျေးရွာမှ ထွက်ရှိသော မုန့်မျိုးစုံမှာ စစ်ကိုင်း၊ မန္တလေးမြို့တို့ရှိ ဈေးကြီးများသို့ ဖောက်သည်ပေး ရရုံသာမက အုန်းတောရွာ သို့ ရောက်သူတိုင်း၊ ဖြတ်သွားသော ကားတိုင်းက ဝယ်ယူအားပေး ကြကြောင်း၊ ထို့ကြောင့် ရိုးရာ မုန့်မျိုးစုံ ထုတ်လုပ်သော လုပ်ငန်းငယ်များ ရေရှည် ရပ်တည် နိုင်ရန်အတွက် တရုတ်နိုင်ငံမှ တင်သွင်း လာသော စားသုံးသူ များကို အန္တရာယ် ဖြစ်စေသည့် မုန့်များကို စစ်ဆေးတားမြစ် ပေးသင့်ကြောင်း ၄င်းတို့က ဆက်လက် ပြောပြ၍ သိရသည်။ (၁၇၄)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment