Pages

Tuesday, September 15, 2015

နိုင်ငံတကာ အကူအညီဖြင့် ART ဆေးများ မြန်မာနိုင်ငံတွင် အလုံအလောက် ရရှိနေ


ရန်ကုန် ၊ ၁၅-၉-၂၀၁၅

မြန်မာနိုင်ငံတွင် HIV ရောဂါပိုးအတွက် ART ဆေးများကို နိုင်ငံတကာ အကူအညီဖြင့် လုံလုံ လောက်လောက် ရရှိနေကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂ စာရင်းများအရ ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် HIV ပိုးဖြင့် နေထိုင်သူ ၂ သိန်း ၁ သောင်းကျော် ရှိပြီး ART ဆေးရရှိထားသူ များသည် ရှစ်သောင်းခွဲကျော် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့တွင် HIV ပိုးကူးစက်ခံ ရပြီး ပိုးတွေ့ရှိသူ ART ဆေးသောက်ရန် လိုအပ်နေသူ ဆေးရရှိသူ အရေအတွက်မှာ နေ့စဉ်တိုး နေကြောင်း သိရသည်။

''မန္တလေးမှာ တစ်ပတ်ကို လူနာ အသစ် ၂ဝ ကျော်လောက် ရှိတယ်။ တစ်လဆိုရင်တော့ ၁ဝဝ လောက်ရှိတယ်။ လူလတ်ပိုင်းမှာ အများဆုံး တွေ့ရတယ်။ အခြေခံ လူတန်းစား တွေမှာ ပိုတွေ့ရပါတယ်'' ဟု Myanmar Positive Group မှ သိရသည်။ မန္တလေးမြို့ ဆေးရုံကြီးတွင် ART ဆေးလာယူသူ တစ်ရက်လျှင် ဦးရေ ၅ဝ အထက်တွင် ရှိနေပြီး လူသစ် အရေအတွက်မှာ ၁၅ ဦးခန့် ရှိနေကြောင်း သိရသည်။

''ကျွန်တော်တို့ လုပ်အားပေးရင်း တွေ့ရတာက ဆေးလာတန်းစီတဲ့ လူသစ် တစ်ရက်ကို ၁ဝ ယောက်၊ ၁၅ ယောက်လောက် ကို တွေ့ရတယ်'' ဟု Myanmar Positive Group မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ လက်ရှိ မန္တလေးတိုင်း ဒေသကြီးတွင် ART ဆေးသောက်နေသူ နှစ်သောင်းခန့် ရှိနေကြောင်း သိရသည်။ ''သွေးမြန်မြန် စစ်ပါ။ ပိုးတွေ့ရင် ဆေးမြန်မြန် သောက်လို့ ရပါတယ်။ အဲဒါဆိုရင် သာမန်လူ တစ်ယောက်လိုပဲ သက်တမ်းစေ့ နေနိုင်မှာပါ။ ကျွန်တော်တို့ ကြိုးစားနေတာ ကလဲ လူအများကို သွေးစစ်နိုင်ဖို့ပါ '' ဟု အထက် မြန်မာပြည် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ နှင့် ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံကိန်း တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ သန်းဝင်း က ပြောပြ၍ သိရသည်။

အိအိအောင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment