Pages

Friday, August 21, 2015

တရုတ်နိုင်ငံက နိုင်ငံတကာ အာကာသစခန်းတွင် DNA လေ့လာမည့်ကိစ္စကြောင့် နာဆာနှင့် အာကာသစူးစမ်းရေး လောကတွင် ဂယက်ရိုက်လျက်ရှိ


Chinese DNA Experiment Set for Historic Flight on ISS

ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

တရုတ်နိုင်ငံသည် DNA အပေါ် ဆွဲငင်အားမဲ့ ရပ်ဝန်း၏ အကျိုး သက်ရောက်ပုံကို လေ့လာရန် နိုင်ငံတကာ အာကာသစခန်း ပေါ်သို့ DNA မျိုးစိတ်များကို နှစ်နှစ်အတွင်း အရောက် ပို့ဆောင် သွားမည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၊ ဟူစတန် ပြည်နယ် အခြေစိုက် အာကာသ လေကြောင်း ကုမ္ပဏီ Nano Racks နှင့် Beijing နည်းပညာ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန် အစိုးရ အေဂျင်စီများ၏ သတင်း အချက်အလက် များကို ဖောက်ထွင်း ရယူနေပြီး နှစ်နှစ်အတွင်း အာကာသကို စစ်ရေးအရ စိုးမိုးမှု ရရှိရန် ကြိုးပမ်း နေသည်ဟု စွပ်စွဲ ခံထားရချိန် ယခုကဲ့သို့ နိုင်ငံတကာ အာကာသ စခန်းပေါ်သို့ ၄င်းတို့ စူးစမ်း လေ့လာရန် DNA ပို့ဆောင်သွားမည့် ကိစ္စမှာ ထူးခြားနေပြီး နာဆာနှင့် အာကာသ စူးစမ်းရေး လောကတွင် ဂယက်ရိုက် နေကြောင်း သိရသည်။

တရုတ်သိပ္ပံ ပညာရှင် များသည် ယခင်ကလည်း နာဆာ၏ စီမံချက် များတွင် ပါဝင်ပတ်သက်ဖူး ခဲ့ရာ နာဆာ၏ နောက်ဆုံး အကြိမ် လွန်းပြန်ယာဉ် ခရီးစဉ်တွင် နိုင်ငံတကာ အာကာသစခန်း ၌ တပ်ဆင်ခဲ့သော Alpha Magnetic Spectrometer စီမံချက် သည်လည်း တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဘတ်ဂျက် ပြင်ဆင်ရေးဆွဲမှု မှစတင်ကာ နာဆာသည် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ရပ်တန့်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု က တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ အာကာသ စူးစမ်း လေ့လာရေး အပေါ် ပြုလုပ်နေသော သူလျှို လုပ်ငန်းများကို လျှော့ချပေးရန် တောင်းဆို ခဲ့သည်။

''တရုတ်ရဲ့ DNA ကို နိုင်ငံတကာ အာကာသ စခန်းပေါ် ပို့ဆောင်တဲ့ ကိစ္စဟာ တရုတ်နဲ့ အမေရိကန်ကြား သဘော တူညီမှု တစ်စုံတစ်ရာ ရရှိခဲ့တာ မဟုတ်ပါဘူး။ သူတို့စူးစမ်း လေ့လာလို့ ရတဲ့ အချက်အလက် အားလုံးကို တရုတ်နိုင်ငံကို တိုက်ရိုက် မပို့ဘဲ Nano Racks ကိုအရင်ပို့ ရပါလိမ့်မယ်။ သူတိုရဲ့ စူးစမ်းလေ့လာမှု ကိုလဲ နိုင်ငံတကာ အာကာသစခန်းရဲ့ ဂျပန်ဓာတ်ခွဲခန်း မှာပဲ ပြုလုပ်ရ ပါမယ်''ဟု Nano Racks ၏ မန်နေဂျင်း ဒါရိုက်တာဂျက်ဖရီမန်ဘာ က ပြောပြသည်။

''တရုတ်ဟာ အမေရိကန် အပေါ် ဆိုက်ဘာစစ်ပွဲ ဆင်နွှဲနေခဲ့တာ ကြာပါပြီ။ အမေရိကန် လူမျိုးနဲ့ အေဂျင်စီတွေရဲ့ အချက်အလက် တွေကိုလဲ Hacker တွေနဲ့ ဖောက်ထွင်းခိုးယူ နေပါတယ်။ Nano Racks ဟာ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်တာမို့ နာဆာနဲ့ တရုတ် တိုက်ရိုက်မ ဆက်ဆံဖို့ ဖက်ဒရယ် ဥပဒေနဲ့ တားမြစ်ထား တာကို ချိုးဖောက်ရာ ရောက်၊ မရောက် စစ်ဆေး နေပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment