Pages

Friday, August 21, 2015

မြန်မာနိုင်ငံတွင် ကြုံတွေရသော မြေဆီလွှာ တိုက်စားမှုမှာ ရေကြောင့် တိုက်စားမှုသည် အဓိကအကြောင်းရင်းဖြစ်



မန္တလေး ၊ ၂၁-၈-၂၀၁၅

မြေဆီလွှာ တိုက်စားခြင်း တွင် အဓိက အကြောင်းရင်း နှစ်မျိုးရှိပြီး ရေကြောင့် မြေဆီလွှာ တိုက်စားခြင်းနှင့် လေကြောင့် မြေဆီလွှာ တိုက်စားခြင်းတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြေဆီလွှာ တိုက်စားမှု၌ ကြုံတွေ့ရသော အဓိက အကြောင်းရင်း မှာ ရေကြောင့် မြေဆီလွှာ တိုက်စားခံရမှု သည် အဓိက ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

ရေကြောင့် မြေဆီလွှာ တိုက်စားမှု ဖြစ်စဉ်တွင် ပထမဦးဆုံး မိုးရေစက် များသည် မြေဆီလွှာ ပေါ်သို့ တိုက်ရိုက် ကျရောက်ပြီး သေးငယ်သော မြေစိုင်မြေခဲ ငယ်လေးများ လွင့်စဉ် ဖြာထွက်ခြင်း၊ မိုးရေ စီးဆင်းမှုနှင့် အတူ အဆိုပါ မြေစိုင်မြေခဲ လေးများကို သယ်ဆောင် သွားခြင်းတို့ ဖြစ်ပေါ်သည်။ ထိုသို့ သယ်ဆောင် သွားရာတွင် အောက်ခံ မြေလွှာအား ပွတ်တိုက် စားခြင်း၊ ရေစီးနှုန်း ကျဆင်းခြင်း နှင့်အတူ ၄င်းမြေစိုင် မြေခဲလေးများ ချောင်း၊ မြောင်းနှင့် မြစ်များအတွင်း အနည်ကျ စေခြင်းတို့ကို ဖြစ်ပေါ်သည်။

ထို့ကြောင့် မြေဆီလွှာ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆိုပါ ဖြစ်စဉ်ကို အခြေခံ စဉ်းစားပြီး ဆောင်ရွက် ရမည်ဖြစ်သည်။ မြေဆီလွှာ တိုက်စားခြင်းသည် တောင်ကုန်း၊ တောင်တန်း များတွင်ရှိသော ရေဝေရေလဲ ဒေသများတွင် အလွန် ဆိုးရွားစွာ ဖြစ်ပေါ်တတ်သည်။ အဘယ်ကြောင့် ဆိုသော် ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည့် သဘာဝအရ မြေမျက်နှာ သွင်ပြင် မတ်စောက်သော နေရာများတွင်အရှိန်ပြင်း စွာဖြင့် စီးဆင်းသည့် အတွက် တိုက်စား သယ်ဆောင်ခြင်း ဖြစ်စဉ်ကို ပိုမို အားပေးရာ ရောက်သည်။

မြေဆီလွှာ ထိန်းသိမ်းရေး လုပ်ငန်းနှစ်မျိုး ရှိပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာ နည်းဖြင့် ထိန်းသိမ်းခြင်းနှင့် ဇီဝ အင်ဂျင်နီယာ နည်းဖြင့် ထိန်းသိမ်းခြင်း တို့ ဖြစ်သည်။ ဆောက်လုပ်ရေး အင်ဂျင်နီယာ နည်းတွင် ရေလွှဲမြောင်း ပြုလုပ်ခြင်း၊ ရေစိမ့်မြောင်း ပြုလုပ်ခြင်း၊ ကွန်တို ကန်သင်း ကန့်သတ် ပြုလုပ်ခြင်း (ပုံ)၊ နုန်းထိန်း တမံငယ်များ တည်ဆောက်ခြင်း တို့ပါဝင် သည်။ ဇီဝ အင်ဂျင်နီယာ နည်းတွင် သက်ရှိ သစ်ပင်များ၏ ရှင်သန်နိုင်မည့် သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်များ စိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်း ကာကွယ်ခြင်း ဖြစ်သည်။ ကုန်းစောင်းနှင့် ရေစီးဆင်းရာ လမ်းတစ်လျှောက် တွင်ငုတ်တက် ထွက်လွယ်သော သစ်ကိုင်း စည်းများ မြှုပ်ပေးခြင်း၊ ဝါးပင်များ စိုက်ပျိုးပေးခြင်း တို့ဖြစ်သည်။

မြေဆီလွှာ တိုက်စားမှုမှ ကာကွယ်ရန် အကောင်းဆုံး မှာအပေါ်ယံ မြေဆီလွှာကို မိုးရေစက်များ တိုက်ရိုက်မကျ ရောက်နိုင်အောင် သစ်တော သစ်ပင်များ၊ ဖုံးလွှမ်းနိုင်ရေး စီမံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။(၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

#Yadanarpondaily

No comments:

Post a Comment