Pages

Monday, August 24, 2015

ကန်တော်ကြီးအတွင်းသို့ စွန့်ပစ်ရေဆိုးများ မ၀င်ရောက်စေရန် ရေလွှဲမြောင်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ်မတ်လအတွင်း အပြီး ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၄-၈-၂၀၁၅

ရန်ကုန်မြို့ ကန်တော်ကြီး ရေကန်အတွင်း သို့ အနီးဝန်းကျင်ရှိ ဈေးဆိုင်များနှင့် လူနေ ရပ်ကွက်များမှ စွန့်ပစ်ရေဆိုးများ မဝင်ရောက် စေရန် နတ်မောက်လမ်း တစ်လျှောက် ရေလွှဲမြောင်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ၂ဝ၁၆ ခုနှစ် မတ်လအတွင်း အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ သိရသည်။

ကန်တော်ကြီး ပတ်လမ်း ဖြစ်သော နတ်မောက်လမ်း တစ်လျှောက် ရေလွှဲမြောင်း ဖောက်လုပ်မှုကို ယခုနှစ် မတ်လမှ စတင်လုပ်ဆောင် နေခြင်းဖြစ်ပြီး အဆိုပါ ရေလွှဲမြောင်း ဖောက်လုပ်ပြီး ပါက အနီးဝန်းကျင် ရပ်ကွက်များမှ စွန့်ပစ်ရေဆိုး များသည် ကန်တော်ကြီး ရေကန်တွင်းသို့ မဝင်ရောက် တော့ဘဲ ပန်းဆိုးတန်း မြောင်းမှ တစ်ဆင့် ရန်ကုန်မြစ် တွင်းသို့ စီးဝင်မည် ဖြစ်သည်။

ကန်တော်ကြီးနှင့် ဆက်စပ်လျက် ရှိသည့် ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၊ အနောက်ဘက် မုခ်နှင့် ဗဟန်း ကြားတောရ လမ်းတစ်လျှောက်ရှိ ရပ်ကွက်များမှ စွန့်ပစ်ရေဆိုး များသည် ကန်တော်ကြီး ရေကန် အတွင်းသို့ ဝင်ရောက်လေ့ ရှိသည့် အတွက် ရေလွှဲမြောင်း တစ်ခုကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကန်တော်ကြီး အနီးဝန်းကျင်ရှိ စားသောက် ဆိုင်ကြီးများ ကိုလည်း ရေဆိုးများ စနစ်တကျ စွန့်ပစ်စေရန် ပုံမှန် စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရသည်။

ကန်တော်ကြီး ရေသန့်စင်မှုကို ၂ဝ၁၂ ခုနှစ် သြဂုတ်လမှ စတင် ပြုလုပ်လျက် ရှိပြီး ယခုအခါ ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး တချို့ နေရာများ၌ ရေများ ကြည်လင်လာပြီ ဖြစ်ကာ လူနေ ရပ်ကွက်များမှ စွန့်ပစ်ရေများ မဝင်ရောက် စေရန် ရေလွှဲမြောင်း ဖောက်လုပ်ခြင်း များအပြင် ရေသန့်စင်မှု နည်းလမ်းများ ကိုလည်း အသိပေးပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment