Pages

Wednesday, August 26, 2015

မြန်မာနိုင်ငံ၌ နှစ်စဉ် ဆေးယဉ်ပါး တီဘီလူနာသစ် ၆၀၀၀ ခန့်တွေ့ရှိ


ရန်ကုန် ၊ ၂၆-၈-၂၀၁၅

မြန်မာနိုင်ငံ၌ နှစ်စဉ် ဆေးယဉ်ပါး တီဘီ လူနာသစ် ၆ဝဝဝ ခန့် တွေ့ရှိရပြီး ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားရခြင်းမှာ ဆေးသောက် ပျက်ကွက်ခြင်း ကြောင့်ဖြစ်ပြီး တိုက်ရိုက် ကြည့်ရှုဆေးကို တိုက်ကျွေးရန် အရေး ကြီးကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း လုပ်ကိုင်လျက် ရှိသည့် 3 MDG သည် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၄ဝ နှင့် မန္တလေးတိုင်း ဒေသကြီး မြို့နယ် ၁ဝ မြို့နယ်ရှိ ဆေးယဉ်ပါး တီဘီလူနာ ၂ဝဝဝ ကျော်ကို လ၂ဝ ကြာ တစ်လလျှင် ကျပ် ၃ဝဝဝဝ နှုန်းဖြင့် ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီး၌ ဆေးယဉ်ပါး တီဘီလူနာ ၃ဝဝ ကျော်ကို ဆေးဝါးကုသ ပေးလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးယဉ်ပါး တီဘီ ရောဂါသည်များ အတွက် မြို့နယ် ၁၃ မြို့နယ်၌ ဆေးကုသ၍ ရပြီး တီဘီရောဂါပိုး အဖြစ်များသော ဒေသများကို ဦးစားပေး ကုသပေးလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ကမ္ဘာ့တီဘီ ထိန်းချုပ်ရေး အစီရင်ခံစာ ၂ဝ၁၃ အရ မြန်မာနိုင်ငံ၏ တီဘီရောဂါ ပြန့်ပွားမှုနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၄၇၃ ဦး ဖြစ်ပွားပြီး တီဘီရောဂါ ဖြစ်ပွားမှု ပမာဏမှာ လူဦးရေ တစ်သိန်း လျှင် ၃၇၃ ဦး ဖြစ်ပွားလျက် ရှိသည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

ထို့ကြောင့် နှစ်စဉ် တီဘီရောဂါပိုး တွေ့ရှိသူ လူနာသစ် ၄၃ဝဝဝ ခန့် အပါအဝင်  တီဘီလူနာ စုစုပေါင်း ၂ဝဝဝဝဝ ခန့် ရောဂါ ဖြစ်ပွားလျက် ရှိသည်ဟု ခန့်မှန်းထားပြီး ၂ဝ၁၄ ခုနှစ်တွင် တီဘီ လူနာပေါင်း ၁၄၁၉၅၇ ဦးကို ရှာဖွေကုသ ပေးခဲ့သည်ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ဆေးယဉ်ပါး တီဘီ ဝေဒနာရှင် များကို ဆေးစတင် မကုသမီနှင့် ကုသဆဲကာလ အတွင်းဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်း များကို အခမဲ့ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်အတွင်း ကုသခဲ့သော ဆေးယဉ်ပါး တီဘီ ဝေဒနာရှင် ၄၄၃ ဦး၏ ဆေးကုသ အောင်မြင်မှု နှုန်းသည် ၇၉ ရာခိုင်နှုန်း ဖြစ်သည့် အတွက် ကမ္ဘာ့ ဆေးယဉ်ပါး တီဘီရောဂါ ကုသမှု ရလဒ်ထက် ပို၍ ကောင်းမွန်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment