Pages

Wednesday, August 26, 2015

ကားမှန်စတေကာ အမည်း ကပ်ထားသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မောင်းလိုင်စင် နှစ်နှစ်ပိတ်သိမ်းသည် အထိ အရေးယူမည်


ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

လက်ရှိတွင် ရန်ကုန်မြို့၌ ကားမှန်များကို စတေကာ အမည်းကပ်ပြီး မောင်းနှင်သူ များပြားလာ၍ မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ယင်းကဲ့သို့ စတေကာ အမည်း ကပ်ထားသည့်  ယာဉ်များ လျော့နည်း သွားစေရန် အဆိုပါ ယာဉ်များကို သြဂုတ်လ တတိယ ပတ်မှစ၍ အမြင့်ဆုံး ပြစ်ဒဏ် အနေဖြင့် ယာဉ်မောင်းလိုင်စင် နှစ်နှစ် ပိတ်သိမ်းမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''အမြင့်ဆုံး ပြစ်ဒဏ် အနေနဲ့ ဒဏ်ငွေကျပ် ၁၅ဝဝ နဲ့ ယာဉ်မောင်း လိုင်စင်နှစ်နှစ် ပိတ်သိမ်းမှု ပြုလုပ်သွားမှာပါ။ ရန်ကုန်မြို့မှာ စတေကာ အမည်းကပ် စီးသူတွေက တစ်နေ့တခြား များလာတာကြောင့် ဒီလို ပြင်းပြင်းထန်ထန် အရေးယူမှု ပြုလုပ်မှ စတေကာ ကပ်စီးတဲ့ ကားတွေ လျော့နည်း သွားမှာပါ'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့တွင်း ၌ စတေကာအမည်း ကပ်စီးသူ များကို ပထမအကြိမ် ဖမ်းမိလျှင် ယာဉ်မောင်း လိုင်စင် ခြောက်လ ပိတ်သိမ်းမည် ဖြစ်ပြီး ဒုတိယအကြိမ် ဖမ်းမိပါက တစ်နှစ်နှင့် တတိယအကြိမ် ဖမ်းမိလျှင် အမြင့်ဆုံး ပြစ်ဒဏ် အနေဖြင့် ယာဉ်မောင်း လိုင်စင် နှစ်နှစ်ပိတ်သိမ်း အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စတေကာ အမည်း ကပ်ထားသည့် ယာဉ်များကို ဖမ်းဆီးရာတွင် ၁ဝဝ ရာခိုင်နှုန်း အမည်း ပါဝင်သည့် စတေကာ များကို သာမက အမည်း ပါဝင်မှု ၄ဝ ရာခိုင်နှုန်း နှင့် ၆ဝ ရာခိုင်နှုန်း ပါဝင်သည့် စတေကာများ ကပ်ထားပါက လည်း ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်း၌ စတေကာ အမည်းကပ် စီးခွင့်ကို နိုင်ငံ၏ အုပ်ချုပ်ရေး ခေါင်းဆောင် များနှင့် အနုပညာရှင် များကိုသာ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ခွင့်ပြု ထားကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ စတေကာ အမည်းကပ်စီးမှု လျော့နည်း စေရန် နေ့စဉ် ရန်ကုန်မြို့၏ အဓိက လမ်းများ၌ ယာဉ်ထိန်းရဲ များ အဖွဲ့လိုက် ချထားကာ စစ်ဆေး အရေးယူ နေကြောင်း သိရသည်။

မင်းသော်တာလွင်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment