Pages

Friday, August 28, 2015

အခြေခံစားသောက်ကုန် ဖြစ်သည့် ငါးပိ ငါးခြောက် ငံပြာရည်များ အရောင်းသွက်



ရန်ကုန် ၊ ၂၈-၈-၂ဝ၁၅

လတ်တလော ဈေးကွက်အတွင်း၌ အခြေခံ စားသောက်ကုန် ဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်မှာ အရောင်း သွက်လျက်ရှိပြီး ငါးတန်မှ ငါးခြောက် လုပ်ခြင်းကို ယခုအခါ အားထားလုပ်ကိုင် နေရကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးထွန်းစိန် ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် တချို့၌ ရေလွှမ်းမိုး မှုများရှိခဲ့ပြီး အခြေခံ စားသောက်ကုန် ဖြစ်သည့် ရေကျိုငါးပိ ၊ မျှင်ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည် တို့မှာ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အရောင်းသွက် လျက် ရှိသော်လည်း ငါးပိ၊ ငံပြာရည်မှာ ဈေးတက်ခြင်း မရှိဘဲ ငါးခြောက် တစ်မျိုးသာ ရှားပါးချိန် ဖြစ်သည့်အတွက် ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ရှိသည်။ ယခုကဲ့သို့ ရာသီဥတု ပြောင်းလဲမှုများ တွေ့ကြုံ လာရခြင်း များကြောင့် ပင်လယ်ငါး ရှားလာပြီး ငါးခြောက်လုပ်ငန်း အတွက် ငါးတန်ကိုသာ အဓိကအားထား လုပ်ကိုင် လာကြကြောင်း သိရသည်။

ငါးတန်၏ ၁၈ ရာခိုင်နှုန်းခန့် ကိုသာ အသားတင် အသုံးပြုနိုင်ပြီး ငါးတန်မှ ထွက်ရှိသည့် ဘေးထွက် ပစ္စည်းများ မှာလည်း အသုံးပြု တတ်ပါက အကျိုးရှိစွာ အသုံးချ နိုင်ကြောင်း ဦးထွန်းစိန် က သုံးသပ် ပြောသည်။

ငါးတန် ဘေးထွက်ပစ္စည်း အဖြစ် ငါးတန်ခေါင်း ကိုလည်း တစ်ခေါင်းလျှင် ကျပ် ၂ဝဝ မှ ၃ဝဝ ဖြင့် ရောင်းချနိုင်ပြီး အရေခွံနှင့် အဆီကိုလည်း အကျိုးရှိစွာ အသုံးချနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ငါးတန်ငါးခြောက် ကုန်ကြမ်း တစ်ပိဿာလျှင် ကျပ် ၁၆ဝဝ မှ ကျပ် ၁၈ဝဝ အထိ ဈေးရရှိပြီး စီးပွားရေးအရ အဆင်ပြေသည့် အတွက် လတ်တလောတွင် ငါးတန်မှ ငါးခြောက် ပြုလုပ်ခြင်းကို တွင်ကျယ်စွာ လုပ်ကိုင်လျက် ရှိသည်။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည်မှာ ဈေးကွက် ကောင်းလာပြီး ယခင်က ငါးစက်ရုံ လေးရုံသာရှိရာမှ ယခုအခါ ငါးစက်ရုံပေါင်း ရှစ်ရုံခန့်အထိ တိုးမြှင့် လုပ်ကိုင် လာကြပြီး အခြေခံ စားသောက်ကုန် ဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်မှာ ဆက်လက် ရှင်သန်နေမည့် ဈေးကွက်တစ်ခု ဖြစ်ကြောင်း သိရသည်။

ကေကေ

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment