Pages

Wednesday, August 26, 2015

ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးခဲ့သဖြင့် လာမည့်နှစ်များ အတွက် ရေရှည်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်မည်



ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

ယခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် ရေကြီးမှုသည် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုတွင် အကြီးမားဆုံး ရေဘေးသင့်ခဲ့ သဖြင့် လာမည့်နှစ်များ အတွက် ရေရှည် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ၏ ပြောပြချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ ဇူလိုင် ၁၆ ရက်တွင် စတင် ဖြစ်ပေါ်ခဲ့သော ရေကြီး နစ်မြုပ်မှုကြောင့် သေဆုံးသူ ၁၁၇ ဦးအထိ ရှိလာခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ရေဘေး ဒုက္ခသည် ဦးရေ ၁၃၆ဝဝဝဝ ကျော် ရှိလာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မဖြစ်ပေါ် စေရေးအတွက် ရေရှည် ပြင်ဆင်မှုများ ပြုလုပ်ရန် လာမည့်နှစ်မှ စတင်၍ ခုနစ်နှစ် စီမံကိန်းဖြင့် တစ်နှစ်လျှင် မိုးလေဝသနှင့် ဇလဗေဒ စခန်းနှစ်ခုမှ သုံးခုနှုန်းဖြင့် တိုးချဲ့ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃ဝ တွင် မိုးလေဝသနှင့် ဇလဗေဒစခန်း ၁၆၁ ခုသာ ရှိနေသေးပြီး တစ်နိုင်ငံလုံး အနေဖြင့် လုံလောက်မှု မရှိသေးသည့် အတွက် ထပ်မံ တိုးချဲ့ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစခန်းများ တိုးချဲ့ရန် ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ချေးငွေ ရယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ခုနစ်သန်း ချေးထားကြောင်း၊ လာမည့်နှစ်များ တွင်လည်း ကမ္ဘာ့ဘဏ်မှ ချေးပေးမည့် ပမာဏအပေါ် မူတည်၍ စခန်းများ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေး ဆိုင်ရာ သုတေသန အဖွဲ့နှင့် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုနှစ် ဧပြီလက စီမံကိန်း စတင်ရေးဆွဲ ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment