Pages

Monday, August 10, 2015

ရန်ကုန်မြို့  လူစည်ကားရာ နေရာများ၌ အုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် လုယက်မှုများ ပိုမိုမြင့်တက်လာသဖြင့် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်


ရန်ကုန် ၊ ၁ဝ-၈-၂ဝ၁၅

ရန်ကုန် မြို့လယ်ကောင်နှင့် လူစည်ကားရာ နေရာများ၌ အုပ်စုဖွဲ့ အကြမ်းဖက်မှု များနှင့် လုယက်မှုများ ဖြစ်ပွားလာမှုမှာ ယခင်လ ကထက် ပိုမိုမြင့်တက် လာသောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ခွဲသုံးခွဲ နှင့် ခရိုင်လေးခုမှ တပ်ခွဲများ ပူးပေါင်းကာ မြို့နယ်အနှံ့ လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဇန်နဝါရီလ မှ ဇူလိုင် ၃၁ ရက်အထိ လူသတ်မှု ၁ဝ၃ မှု ဖြစ်ပွားခဲ့ပြီး လုယက်မှု ၃၅ မှုအထိ ဖြစ်ပွားခဲ့သည်။ ဇွန်လတွင် လူသတ်မှု ၁၅ မှုနှင့် လုယက်မှု နှစ်မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် လူသတ်မှု ၁၆ မှုနှင့် လုယက်မှု ၁၂ မှုအထိ ဖြစ်ပွားခဲ့ကာ ပြစ်မှု ကျူးလွန်သူ အများစုမှာ ထွက်ပြေး လွတ်မြောက် နေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး များမှ သိရသည်။

ဘုရင့်နောင် ပွဲရုံဝင်း၌ သြဂုတ် ၂ ရက်ညနေ ၄ နာရီခန့်တွင် တုတ်၊ ဓားလက်နက် မျိုးစုံ ကိုင်ဆောင် ထားသည့် လူအုပ်စုက အမျိုးသား တစ်ဦးကို ဓားပြတိုက် ခဲ့ပြီး သြဂုတ် ၃ ရက်ည ၈ နာရီတွင် ရန်ကုန် မြို့လယ်ကောင် ဖြစ်သော လမ်းမတော် မြို့နယ် ပြည်လမ်းပေါ်ရှိ Farmer Money Changer ဆိုင်၌ အမည်မသိ အမျိုးသား လေးဦးက ဆိုင်ဝန်ထမ်းကို ရိုက်နှက်ကာ ငွေထုပ် လုယက်မှု လည်း ဖြစ်ပွားခဲ့သည်။

''လူဦးရေ ခုနစ်သန်းကျော် ရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ရဲတပ်ဖွဲ့ဝင် အင်အား နည်းတာကြောင့် တပ်ဖွဲ့ဝင် တစ်ယောက် က လူ ၁၃ဝဝ ယောက်ရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေး နေရတယ်။ ဒါကြောင့် လိုအပ်ချက်တွေ ရှိလာနိုင်ပြီး ဒုစရိုက်မှုတွေ အဖြစ်များ လာတာ။ အဓိက ဖြစ်စဉ် အများစုက ငွေကြေး လိုအပ်ချက် ကြောင့် ရိုက်နှက်၊ လုယက်၊ လူသတ်မှုတွေ ဖြစ်လာတာ တွေ့ရတယ်။ မြို့နယ်အနှံ့ မှာရှိတဲ့ ဆိုင်တွေနဲ့ အိမ်တွေမှာ CCTV ကင်မရာတွေ တွေကို တပ်ဆင်ထားဖို့ တိုက်တွန်း နေပါတယ်။ ဒီမှတ်တမ်း ရှိခဲ့ရင် ပြစ်မှု ကျူးလွန်သူ မည်သူမည်ဝါ ဆိုတာ သိရပြီး စုံစမ်းဖော်ထုတ် ရတာ မြန်ဆန်တယ်။ ဒါကြောင့် ပြည်သူတွေ ကလည်း ကိုယ်တတ် နိုင်တဲ့ ဘက်က ပူးပေါင်း ပါဝင်ကြ ပါလို့ တိုက်တွန်း လိုပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မြို့နယ်အနှံ့ မှုခင်း ကျဆင်းရေး နေ့- ည လုံခြုံရေး အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ မြို့စွန် ရပ်ကွက်တွေ အထိပါ လှည့်ကင်း ဆောင်ရွက် တာမျိုးတွေ ပြုလုပ်နေပြီး မသင်္ကာသူ တွေကိုပါ လိုက်လံ ဖမ်းဆီး စစ်ဆေး နေတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment