Pages

Thursday, August 6, 2015

မကြာမီ မန္တလေး - မြစ်ကြီးနား ရထားခရီးစဉ်များ ယခင်အတိုင်း ပြန်လည်ပြေးဆွဲ တော့မည်


တံတားအမှတ်(၂၈၀) ပြုပြင်ပြီး RBE ရထားဖြင့် စမ်းသပ်မောင်းနှင်စဉ်

ရန်ကုန် ၊ ၆-၈-၂၀၁၅

ဇူလိုင်လ အတွင်းက ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားသံလမ်း၊ တံတားနှင့် တာပေါင်များ ပျက်စီးခဲ့သဖြင့် ရထားသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများအား မူလ အခြေအနေ အတိုင်း အမြန်ဆုံး ပြန်လည် ပြေးဆွဲနိုင်ရေး အတွက် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ရေတိုက်စား ပျက်စီး သွားခဲ့သော ကန့်ဘလူ - ကောလင်း ရထားလမ်းပိုင်း ရှိ ပြုပြင်ရေး လုပ်ငန်းများ ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်ရာ မကြာမီ ရက်ပိုင်း ကာလတွင် မန္တလေး - မြစ်ကြီးနား ခရီးစဉ် ရထားများ ပြန်လည် ပြေးဆွဲပေး တော့မည် ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး နှင့်အဖွဲ့သည် ရွာထောင် - ရွှေဘို - ကန့်ဘလူ - ကောလင်း ရထားလမ်းပိုင်း ရှိ ရထားသံလမ်း၊ တံတားများ၊ လမ်းတာပေါင်များ ပြုပြင်ပြီးစီးမှု အခြေအနေများ ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရေတိုက်စား မှုကြောင့် ပျက်စီးမှု အကြီးမားဆုံး ဖြစ်ခဲ့ပြီး ရာနှုန်းပြည့် နီးပါး ပြင်ဆင်ပြီးစီး နေသည့် အမှတ်(၂၈၁) ဇော်ချောင်း တံတားနှင့် အမှတ်(၂၈၂) တံတားတို့ အား RBE ရထားဖြင့် လွန်းထိုး ဖြတ်သန်း မောင်းနှင်ရာတွင် လိုက်ပါ စီးနင်းကာ တာဝန် ရှိသူများက အချောသပ် လုပ်ငန်းများ ပြီးစီးပါက တံတားအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး မှာကြားသည်။

အဆိုပါ ကန့်ဘလူ - ကောလင်း ရထား လမ်းပိုင်းရှိ ရေဘေး ဒဏ်ကြောင့် ပျက်စီးသွားသော တံတားသုံးစင်းနှင့် ရထားသံလမ်း၊ တာပေါင် လေးနေရာ တို့ကို အမြန်ဆုံး ရထားများ ပြန်လည်ပြေးဆွဲ နိုင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ယင်း ပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာပေါင်များ ပြုပြင်ဆဲ ကာလတွင် မြန်မာ့ မီးရထားက ခရီးသွား ပြည်သူများအား မြစ်ကြီးနား - ကောလင်း ရထားလမ်းပိုင်းနှင့် မန္တလေး - ချပ်သင်း ရထားလမ်းပိုင်း တို့ကို အထူး ရထားများဖြင့် ပြေးဆွဲပေးလျက် ရှိပြီး ကုန်းလမ်း ပို့ဆောင်ရေးမှ ရထားစီး ခရီးသည် များအား ကန့်ဘလူမြို့ နှင့် ကောလင်းမြို့ များသို့ ကုန်းလမ်း ပို့ဆောင်ရေး မော်တော်ယာဉ် များဖြင့် ပို့ဆောင် ပြေးဆွဲပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment