Pages

Wednesday, August 26, 2015

မြန်မာနိုင်ငံက ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂၅ ဦး ထပ်မံလွှဲပြောင်း



နေပြည်တော် ၊ ၂၆-၈-၂၀၁၅

မြန်မာနိုင်ငံက ကယ်ဆယ် ထားသည့် လှေစီးသွားလာသူ များအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ထပ်မံ အတည်ပြုပြီးသူ ၁၂၅ ဦးကို ယမန်နေ့ နံနက်ပိုင်းတွင် တောင်ပြို(လက်ဝဲ) မြို့၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီး နှစ်နိုင်ငံနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်း ပေးခဲ့သည်။

နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သော အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ်(၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မိုဟာမက် ရာဘီးယူ အစ္စလာမ် ဦးဆောင်သည့် အဖွဲ့ထံ လွှဲပြောင်းပေး ခဲ့ရာ ၄င်းနိုင်ငံသား ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ခေါ်ဆောင် သွားသည်။

အဆိုပါ လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာဘက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ယာယီ ဒုတိယ ရဲမှူးကြီး ကျော်တေဇ နှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မာဘူဘာရာမန် တို့ တက်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံက ကယ်ဆယ် ထားသည့် လှေစီး သွားလာသူများ အနက်မှ အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၆၂၆ ဦးကို ငါးကြိမ်ခွဲ၍ ၄င်းတို့၏ မူရင်းနေရပ် ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရန် ကျန်ရှိသူ များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က စိစစ်မှုများ ဆက်လက် ပြုလုပ်လျက် ရှိရာ စိစစ်အတည်ပြု ပြီးပါက မူရင်းနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment