Pages

Thursday, August 6, 2015

အင်းဝခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်သော လေးထပ်ကြီးဘုရား



ညောင်ဦး ၊ ၆-၈-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ၊ တံတားဦးမြို့နယ် ၊ အင်းဝမြို့ဟောင်း ၊ ဟံသာဝတီ ကျေးရွာအနီး တွင် တည်ရှိသော လေးထပ်ကြီး ဘုရားသည် စတုတ္ထ အင်းဝခေတ် ဗိသုကာ လက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။

လေးထပ်ကြီး ဘုရား၏ ဂန္ဓကုဋီတိုက် ၏ ကြီးမား ခံ့ညားမှု ၊ ရှေးခေတ် မြန်မာ ဗိသုကာ ပညာရှင် များ၏ ဗိသုကာ လက်ရာများကို ပြည်တွင်းပြည်ပ ပညာရှင်များ ပြည်တွင်း ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက် လေ့လာ ကြကြောင်း ဒေသခံ များက ပြောပြသည်။

ရှေးဘုရင် မင်းဆက် ၃၁ ဆက် ထီးနန်းစိုးစံ ခဲ့သော အင်းဝမြို့ဟောင်း ရှိ လေးထပ်ကြီး ဘုရားကို ညောင်ရမ်း မင်းတရား က မြန်မာ သက္ကရာဇ် ၉၆၃ ခုနှစ်တွင် စတင်၍ လေးထပ် ကျောင်းကြီးကို ကျောင်းရံ ၄၀ နှင့်တကွ တည်ဆောက် ခဲ့ပြီး သားတော် သာလွန်မင်း က ပြီးစီးအောင် ဆောင်ရွက် ခဲ့သည်။

သက္ကရာဇ် ၁၀၂၀ ခုနှစ်တွင် တရုတ်တို့နှင့် စစ်မက် ဖြစ်ပွားရာ၌ လေးထပ် ကျောင်းတော်ကြီး ကို မီးတိုက်ခံ ရသည်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်တွင် စတုတ္ထ အင်းဝနန်းစံ ဘကြီးတော် မင်းသည် သကျသီဟ ရုပ်ပွားတော် ကြီးကို ကြေးနီ ၊ သလွဲ ၊ ရွှေ ၊ ငွေ စုစုပေါင်း ပိဿာချိန် ၁၆၀၁၀ ဖြင့် သွန်းလောင်း ခဲ့ပြီး လက်ရှိ ဂန္ဓကုဋီတိုက် ဖြင့် ဆောက်လုပ် လှူဒါန်း ခဲ့သည်။

လေးထပ်ကျောင်း နေရာတွင် ဆောက်လုပ် ခဲ့သဖြင့် လေးထပ်ကြီး ကျောင်းဟု လူသိများသည်။ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ငလျင်ကြောင့် ဂန္ဓကုဋီတိုက် မှာ ပျက်စီးခဲ့ပြီး သကျသီဟ ရုပ်ပွားတော်ကြီး ကို ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် အမရပူရ သို့ ပင့်ဆောင်ကာ မဟာဝိဇယရံသီ စေတီတော်ကြီး ၏ တောင်ဘက် ဘုံငါးဆင့် ပြဿာဒ် ဆောက်လုပ်၍ တည်ထား ကိုးကွယ်ခဲ့သည်။

သီပေါမင်း လက်ထက် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ၄င်း သကျသီဟ ရုပ်ပွားတော် ကြီးကို အမရပူရ မှ မန္တလေး မဟာအောင်မြေ မြို့နယ်ရှိ ယခုလက်ရှိ ကိန်းဝပ်တော် မူသော နေရာသို့ ပင့်ဆောင် ကိုးကွယ် ခဲ့သည်။

လက်ရှိ ကြွင်းကျန်ရစ်သော ဂန္ဓကုဋီတိုက် ကို ဘကြီးတော်မင်း ကောင်းမှု မုခ်ပေါက် လေးပေါက်ပါ လေးဘက်ညီ အုတ်ဂန္ဓကုဋီ တိုက်မှာ ပြဿာဒ်ဖြင့် တည်ဆောက် ခဲ့ပြီး မျက်နှာလေးဘက် တွင် မုခ်ခုံတပ် ထားသည်။ မုခ်တံကဲ တွင် သိကြားရုပ် ၊ မိကျောင်းရုပ် ၊ ခြေင်္သေ့ရုပ် တို့ကို အင်္ဂတေ ပန်းများဖြင့် ထုလုပ်ထားပြီး ဘုတ်ပြဿဒ်ကို အစောင့်ဘီလူး ရုပ်ပါ စိန်တောင် သုံးဆင့်ဖြင့် ကာရံထားရာ စတုတ္ထ အင်းဝခေတ် ဗိသုကာ လက်ရာများကို ယနေ့တိုင် လေ့လာ နိုင်ကြောင်း သိရှိရသည်။

သန်းဇော်မင်း

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment